ဒီဇင်ဘာ ၁၇ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ
လက်နက်ကိုင်ဆောင်ထားသူများနှင့် (စစ်ကောင်စီ)တပ်မတော်သားများအနေဖြင့် ပြည်သူလူထု၏ အကျိုးကို ကာကွယ်စောင့်ရှောက်ရန်နှင့် လက်နက်မဲ့ပြည်သူများအပေါ် စာနာသနားထောက်ထားပြီး ပြည်သူများ၏ ခိုလှုံနေထိုင်ရာနေရာများတွင် စစ်တလင်းမဖြစ်အောင် ဆောင်ရွက်ပေးကြရန် KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းက ဒီဇင်ဘာ ၁၆ ရက်နေ့ သဘောထားထုတ်ပြန်ချက်ထုတ်ကာ မေတ္တာရပ်ခံလိုက်သည်။
နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းလိုစိတ်ရှိသူများ၏ လှုံ့ဆော်စည်းရုံး လှုပ်ရှားဆောင်ရွက်မှုကြောင့် မြဝတီမြို့နယ် လေးကေ့ကော်မြို့တွင် ပစ်ခတ်မှုဖြစ်ပေါ်လာသည့် အခြေအနေအထိ ရောက်ရှိလာပြီး အားထားရာမဲ့ဖြစ်နေကြသော ပြည်သူလူထုများ၏ ခိုလှုံနေရာများတွင် ကာကွယ်စောင့်ရှောက်ကြရန် ဥက္ကဌပဒိုစောရွှေမောင်းက တိုက်တွန်းပြောဆိုသည်။
ပဒိုစောရွှေမောင်းက “နှစ်ပေါင်းကြာခဲ့ပြီး ပစ်ခတ်လာခဲ့ကြတာ။ ပစ်ခတ်မှုမရှိတော့ရင် လူထုတွေလည်း ငြိမ်းငြိမ်းချမ်းချမ်းနေရမယ်။ လူထုအတွက်ပဲ လုပ်နေတာပါ။ လူထုတွေ အေးအေးချမ်းချမ်းနေရတာပဲ မြင်ချင်တယ်။ စစ်ကြောင့် လူထုတွေပူပင်သောက ဖြစ်မယ့်အရာကို ကျနော်တို့မလိုချင်တော့ဘူး။ ခုတော့ထွက်ပြေးတိမ်း ရှောင်နေကြရပြန်ပြီး။ ဖြစ်နိုင်ရင် ပစ်ခတ်တာတွေ မလုပ်ကြပါနဲ့တော့ပေါ့နော်” ဟု ကေအိုင်စီ သို့ပြောသည်။
KNU တပ်မဟာ ၆ အုပ်ချုပ်နယ်မြေဖြစ်သည့် ဝင်းရေးမြို့နယ်၊ နို့တကော်မြို့နယ်၊ ကျုံဒိုးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် များတွင် စစ်ကောင်စီတပ်များမှ နယ်မြေကျူးကျော်လာမှုကြောင့် နယ်မြေခံ ကရင်တပ်ဖွဲ့များနှင့် ထိပ်တိုက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ဖြစ်ပွားသည့် လေးကေကော်ဒေသ တိုက်ပွဲကြောင့် ထောင်နှင့်ချီသောဒေသခံပြည်သူများမှာ စစ်ဘေးဒဏ်သင့်ခဲ့ရသည်။
ယခုလို တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးစစ်ဒဏ်ရှောင်တိမ်း နေရသူပြည်သူများလည်း မိမိတို့၏ ဦးစီးခေါင်းဆောင် လူကြီးများ၏ ကြီးကြပ်ကွပ်ကဲမှုအောက်၌ စုစည်းညီညွတ်စွာ ၊ စည်းကမ်းသေဝပ်စွာ တစ်ဦးကိုတစ်ဦး အပြန်အလှန် ကူညီဖေးမကြပါရန်ကိုလည်း ပဒိုရွှေမောင်းက မေတ္တာရပ်ခံထားသည်။




















