Home သတင်း KNLA တိုက်ခိုက်မှုကိုခံရသည့် BGF တပ်ဖွဲ့ဝင်များ ‌ဒေသ‌ဆေးရုံတစ်ခုကို စီးနင်းထိန်းချုပ်ထား

KNLA တိုက်ခိုက်မှုကိုခံရသည့် BGF တပ်ဖွဲ့ဝင်များ ‌ဒေသ‌ဆေးရုံတစ်ခုကို စီးနင်းထိန်းချုပ်ထား

1264
Photo: KNU

နိုဝင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

နယ်‌မြေ‌ကျော် ဝင်‌ရောက်လာမှု‌ကြောင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ၏ တိုက်ခိုက်ခြင်း ခံခဲ့ရ‌သောနယ်ခြား‌စောင့်တပ်(BGF)တပ်ဖွဲ့ဝင်များသည် လက်တုန့်ပြန်သည့် သ‌ဘောဖြင့် ‌ဒေသတွင်း ‌ကျေးရွာ တိုက်နယ်‌ဆေးရုံတစ်ခုကို ဝင်‌ရောက်စီးနင်းထိန်းချုပ်ထား‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU သထုံခရိုင်က ယ‌နေ့ ည‌နေတွင် သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်‌နေ့တွင် KNU သထုံခရိုင် (တပ်မဟာ-၁) နယ်‌မြေ၊ ဖားအံမြို့နယ်သို့ နယ်‌မြေ‌ကျော်ဝင် ‌ရောက်လာ‌သော BGF တပ်ဖွဲ့ဝင်များကို (KNLA) တပ်မဟာ (၁)၊ တပ်ရင်း (၁)မှ နှစ်ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာတွင် BGF တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကား ၃ စီး ပျက်စီးခဲ့သည်။

၎င်းတိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သည့် သ‌ဘောဖြင့် ဟတ္တလိုက်‌ကျေး နယ်အုပ်စု၊ ဖလံ‌တောင်‌ကျေးရွာရှိ (၁၆) ကုတင်ဆံ့ တိုက်နယ်‌ဆေးရုံကို ဝင်‌ရောက်စီးနင်းကာ ‌ဆေးရုံမှ ‌ဆေးဝါးပစ္စည်းများနှင့် လူနာအသုံးအ‌ဆောင် ပစ္စည်းများကို အဓမ္မသိမ်းယူခဲ့ပြီး ‌ဆေးရုံအတွင်း တပ်စွဲထားလိုက်သည်ဟု KNU က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ (၁၆) ရက်‌နေ့ည (၁) နာရီခန့်တွင် တစ်ကြိမ်နှင့် (၁၇) ရက်‌နေ့ ည‌နေ (၂)နာရီဝန်းကျင်ခန့်တွင် တစ်ကြိမ် KNLA ဘက်မှ သွား‌ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ နိုဝင်ဘာလ (၁၆)ရက်‌နေ့ ည‌နေ (၄) နာရီခန့်က အာဏာသိမ်း စစ်‌ကောင်စီ လက်‌အောက်ခံ BGF တပ်ဖွဲ့များမှ ၎င်းဖလံ‌တောင် တိုက်နယ်‌ဆေးရုံကို ဝင်‌ရောက် စီးနင်းထိန်းချုပ်ခဲ့ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူက ‌ပြောသည်။

ထိုသို့ ဝင်‌ရောက် စီးနင်းရာတွင် ‌ဆေးရုံပြတင်း‌ပေါက်နှင့် မှန်တံခါးများကို ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ‌ဆေးရုံရှိ ဆိုင်ကယ် တစ်စီးကိုပါ ဖျက်ဆီးခဲ့သလို ‌ဆေးရုံအတွင်းသို့ မည်သူ့ကိုမျှ ဝင်‌ရောက်ခွင့်မ‌ပေးဘဲ ‌ဒေသခံ ရွာသူရွာသားများ ဝင်‌ရောက်လာပါကလည်း ပစ်ခတ်မည်ဟုခြိမ်း‌ခြောက်‌ပြောဆိုမှုများရှိသည်ဟု KNU က ထုတ်ပြန်ထားသည်။

အဆိုပါ စီးနင်းဝင်‌ရောက်မှု‌ကြောင့် ဖလံ‌တောင်‌ဆေးရုံရှိ ဆရာဝန်များနှင့် ကျန်းမာ‌ရေးဝန်ထမ်းများမှာလည်း ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရ‌ကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

BGF တပ်ဖွဲ့များ ထိန်းချုပ်ထားလိုက်သည့် တိုက်နယ်‌ဆေးရုံသည် ယခင်အရပ်သားအစိုးရလက်ထက်က တည် ‌ဆောက်ထားခြင်းပြီး ‌ဝေးလံ‌ခေါင်ဖျားသည့် တိုင်းရင်းသား‌ဒေသများတွင် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ပေး‌နေသည့် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ ( BPHWT) က လိုအပ်‌သော ‌ဆေးဝါးနှင့် ‌ဆေးရုံသုံးပစ္စည်းများကို ‌ထောက်ပံ့‌နေသည့် ‌ဆေးရုံဖြစ်သည်ဟု သိရှိရသည်။

(BPHWT) ဒါရိုက်တာ ‌စောဝင်း‌ကျော်က ” အဲဒီ‌ဆေးရုံက သံလွင်မြစ်နဲ့ ဒုံသမိ‌ချောင်းတစ်‌လျှောက်လုံး လူထုအတွက် ‌တော်‌တော်အ‌ရေးကြီးတဲ့‌ဆေးရုံပဲ။ ဖားအံမြို့ထဲ လူနာ‌တွေကို လွှဲ‌ပြောင်းလို့မရ‌တော့ ကိုယ့်ဆီက ‌ဆေးဝန်ထမ်း‌တွေ‌ရော၊ CDM ဆရာဝန်‌တွေ‌ကော တွဲပြီး‌တော့ လူနာ‌တွေကို ကြိုးစားပြီး‌တော့ ကြည့်‌ပေးတာ‌ပေါ့။ ဒီလိုဖြစ်သွား‌တော့ ‌ဆေးရုံကို တင်ပြီး‌တော့ ကုရမယ့်လူနာ‌တွေ ဘယ်ရှိ‌တော့မှာလဲ။ ကျ‌နော်တို့ ‌ဆေးမှူး‌တွေနဲ့ပဲ ‌တောထဲမှာ ပြန်ပြီး‌တော့ ကုရမယ့်သ‌ဘောဖြစ်‌နေတယ်။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကျန်းမာ‌ရေးဟူသည် နယ်စည်းမခြားဘဲ လူတိုင်းက ကျန်းမာ‌ရေး‌စောင့်‌ရှောက်ခွင့်ရှိသလို ရန်သူမိတ်‌ဆွေ ခွဲခြား၍ရသည့် အရာမဟုတ်‌ကြောင်း၊ အများနှင့်ဆိုင်‌သော စာသင်‌ကျောင်း၊ ‌ဆေးရုံ‌ဆေးခန်းကဲ့သို့‌သော အ‌ဆောက်အဦးများကို မထိမတို့သင့်သည့်အရာဖြစ်သည်ကို လူသားတစ်ဦးအ‌နေဖြင့် မဖြစ်မ‌နေ သိရှိထားရမည်ဖြစ်ပြီး ယခုလို လုပ်‌ဆောင်ချက်သည် စိတ်ဓာတ်ပိုင်းဆိုင်ရာ နိမ့်ကျပြီး ပရမ်းပတာ လုပ်‌ဆောင်ချက်သာဖြစ်‌ကြောင်းလည်း ‌စောဝင်း‌ကျော်က မှတ်ချက်ပြုသည်။

လက်ရှိတွင် KNU တပ်မဟာ ၁ နှင့် တပ်မဟာ ၅ ‌ဒေသတို့တွင်စစ်‌ကောင်စီ လက်‌အောက်ခံ BGF တပ်ဖွဲ့ဝင်များမှ အင်အား အလုံးအရင်းဖြင့် ဝင်‌ရောက်လှုပ်ရှား‌နေပြီး ‌နေ့စဉ် ထိ‌တွေ့ တိုက်ပွဲများ ဖြစ်ပွား‌နေသလို BGF တပ်ဘက်မှ ‌ဒေသခံရွာသားများကို အဓမ္မ‌ခေါ်ယူ၍ ‌ပေါ်တာဆွဲခိုင်း‌စေမှုများနှင့် ၎င်းတို့တပ်စခန်းချရာ ‌နေရာများသို့ ည အိပ်ည‌နေ ‌ခေါ်ယူကာ လူသားဒိုင်းအဖြစ် အသုံးချလျက်ရှိသည်ဟုလည်း KNU ဘက်က ‌ပြောဆိုသည်။