Home သတင်း မြဝတီရှိ ABSDF ဆက်ဆံ‌ရေးရုံး အဖွဲ့ဝင် ၄ ဦးကို စစ်‌ကောင်စီတပ် ဝင်‌ရောက်ဖမ်းဆီး‌ခေါ် ‌ဆောင်သွား

မြဝတီရှိ ABSDF ဆက်ဆံ‌ရေးရုံး အဖွဲ့ဝင် ၄ ဦးကို စစ်‌ကောင်စီတပ် ဝင်‌ရောက်ဖမ်းဆီး‌ခေါ် ‌ဆောင်သွား

998

နိုဝင်ဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဆက်ဆံ‌ရေးရုံးကို ယမန်‌နေ့ ည‌နေပိုင်းက စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ ဝင်‌ရောက်စီးနင်းပြီး ရုံးအတွင်းရှိ အဖွဲ့ဝင် (၄)ဦးကို ဖမ်းဆီး‌ခေါ်‌ဆောင်သွား‌ကြောင်း ခိုင်မာသည့် သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

ယမန်‌နေ့ ည‌နေ (၅) နာရီခန့်က စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့်အဖွဲ့သည် ABSDF ဆက်ဆံ‌ရေးရုံးကို ‌ရောက်ရှိလာပြီး ဆက်ဆံ‌ရေးရုံးမှ တာဝန်ခံ ရဲ‌ဘော်‌အောင်‌ဘော်၊ ရဲ‌ဘော် တင်စိုး အပါအဝင် ၄ ဦးကို ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့‌ကြောင်း ၎င်း သတင်းအရင်းအမြစ်က ဆိုသည်။

အဆိုပါ ဆက်ဆံ‌ရေး ရုံး တာဝန်ရှိသူများကို မည်သည့်အ‌ကြောင်း‌ကြောင့် ဝင်‌ရောက် ဖမ်းဆီးသွား‌ကြောင်းကို အ‌သေးစိတ်မသိရှိရ‌သေးဘဲ သက်ဆိုင်ရာ ABSDF တာဝန်ရှိသူများမှလည်း ၎င်းကိစ္စနှင့်ပတ်သက်ပြီး လတ်တ ‌လောတွင် မ‌ပြောဆိုလို‌သေး‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ဖမ်းဆီး‌ခေါ်‌ဆောင်သွားခြင်းခံခဲ့ရသည့် ABSDF အဖွဲ့ဝင် ၄ ဦးကို မြဝတီမြို့ရှိ စစ်‌ကောင်စီ၏ ဗျူဟာရုံး တွင် ထိန်းသိမ်းထား‌ကြောင်းလည်း သိရှိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လတွင်လည်း ယခင် ABSDF အဖွဲ့ဝင်‌ဟောင်းလည်းဖြစ်၊ ပြည်‌ထောင်စု ကာကွယ်‌ရေး တပ် (UNRA)‌ခေါင်း‌ဆောင် ဗိုလ်မှူးချုပ် ခင်‌ကျော်ကိုလည်း မြဝတီမြို့တွင် စစ်‌ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။