Home သတင်း ထိုင်းသို့ တရားမဝင်နယ်စပ်ဖြတ်‌ကျော် ဝင်‌ရောက်သည့် မြန်မာလုပ်သားများ ဆက်တိုက်ဖမ်းဆီးခံ‌နေရ

ထိုင်းသို့ တရားမဝင်နယ်စပ်ဖြတ်‌ကျော် ဝင်‌ရောက်သည့် မြန်မာလုပ်သားများ ဆက်တိုက်ဖမ်းဆီးခံ‌နေရ

2065

နိုဝင်ဘာ ၁၂ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံသို့ နယ်စပ်ဝင်‌ပေါက်များမှတဆင့် တရားမဝင်လမ်း‌ကြောင်းမှ ဝင်‌ရောက်လာသည့် မြန်မာလုပ်သားများသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖမ်းဆီးခံ‌နေရ‌ကြောင်း သိရသည်။

ယ‌နေ့ နိုဝင်ဘာလ ၁၂ ရက်‌နေ့တွင်ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့နှင့် ၃၃ ကီလိုမီတာအကွာရှိ မဲ့လမတ်မြို့နယ်အတွင်းသို့ မြန်မာနိုင်ငံဘက်ခြမ်းမှတဆင့် နယ်ခြား‌သောင်ရင်းမြစ်ကို ဖြတ်‌ကျော်ပြီး ဝင်‌ရောက်လာသည့် မြန်မာနိုင်ငံသား (၁၃) ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု နယ်စပ်သတင်းအရ သိရသည်။

အဖမ်းခံရသူများမှာ အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီး (၃) ဦး ဖြစ်ပြီး ၎င်းတို့ သည် နယ်စပ်က‌နေ ထိုင်းနိုင်ငံအတွင်းပိုင်း ဘန်‌ကောက်အ‌ရောက် တစ်ဦးလျှင် ထိုင်းဘတ်‌ငွေ နှစ်‌သောင်းနှုန်းဖြင့် ပို့‌ဆောင်‌ပေးသည့် လူကယ်ရီပွဲစားများကို ‌ငွေကြို ‌ပေးခဲ့ကြသည်ဟု ဆိုကြသည်။

၎င်းတို့သည် ဘန်‌ကောက်ကိုတက်ရန် လူပွဲစားများမှ စီစဉ်‌ပေးသည့် လာကြိုမည့် ကားကို ‌တောထဲတွင် ‌စောင့်ဆိုင်း‌နေကြစဉ် အဖမ်းခံရခြင်းဖြစ်သည်။

ထို့အတူ ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်ဘက်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက် နှင့် ၁၁ ရက်‌နေ့က တရားမဝင်လမ်း‌ကြောင်းများမှတဆင့် ဝင်‌ရောက်လာ‌သော မြန်မာနိုင်ငံသား ၃၁၉ ဦး ဖမ်းဆီးခံခဲ့ရ‌သေးသည်ဟု ထိုင်းသတင်းများ၏ ‌ဖော်ပြမှုအရ သိရသည်။

၎င်းတို့သည် ပဲခူး၊ ‌မော်လမြိုင်နှင့် တခြား‌သော မြန်မာနိုင်ငံရှိ မြို့နယ်များမှ လာကြသူများဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်း ဆမွတ်ဆာခွန်၊ ပထုံဌာနီနှင့် ဆမွတ်ပရာကန်ခရိုင် တို့တွင် အလုပ်လုပ်ကြမှာ ဖြစ်‌ကြောင်း နှင့် ခရီးစရိတ်နှင့် လုပ်ငန်းခွင် အ‌ရောက် ၁ ဦးလျှင် ထိုင်းဘတ်‌ငွေ (၂၅၀၀၀) စီ ပွဲစားများကို ‌ပေးကြရ‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အ‌ထောက်အထားမဲ့ မြန်မာလုပ်သားများအား CI ပတ်စ်ပို့ နှင့် ‌နေထိုင်ခွင့် စာရွက်စာတမ်းများ လုပ်‌ပေးမည်ဟူ‌သော သတင်းဂယက်‌ကြောင့် မြန်မာလုပ်သားများမှာ ထိုင်းနိုင်ငံသို့ နယ်စပ်ဝင်‌ပေါက်များဖြစ်‌သော မြဝတီ-မဲ‌ဆောက်လမ်း‌ကြောင်း၊ ဘုရားသုံးဆူ-ကန်ချဘူရီလမ်း‌ကြောင်း၊ ‌မော‌တောင်နယ် စပ်လမ်း‌ကြောင်းနှင့် တာချီလိတ်-မယ်ဆိုင် အစရှိသည့် နယ်စပ်ဝင်‌ပေါက် လမ်း‌ကြောင်းများမှတဆင့် တရားမဝင်နယ်စပ်ဖြတ် ‌ကျော်မှုများရှိခဲ့ပြီး ထိုင်းနိုင်ငံအတွင်း ‌နေ့စဉ်လိုလို အဖမ်းအဆီး ခံ‌နေရခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် ထိုင်းဘက်ခြမ်းမှ လုံခြုံ‌ရေး အထူး တင်းကြပ်ထားပြီး ထိုသို့ တရားမဝင် နယ်စပ်ဖြတ် ‌ကျော်မှုများအား ‌စောင့်ကြည့် ဖမ်းဆီးမှုများရှိပြီး အဆိုပါ ဖမ်းဆီးရမိသူများအား ‌ထောင်ဒဏ် ၁ နှစ်အထိ ကျခံနိုင်သည့် ၁၉၇၉ ခုနှစ် ထိုင်းလဝကအက်ဥပ‌ဒေ အရ တရားစွဲ အ‌ရေးယူမှုများ ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။