နိုဝင်ဘာ ၁၃ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
လှိုင်းဘွဲမြို့နယ်ရှိ တဝန်ဖန်ရစံပြကျေးရွာ၊ မူလတန်းလွန်(မူလွန်)ကျောင်းကို ကျေးရွာဘုန်းကြီးကျောင်းတွင် နိုဝင်ဘာ လ ၁၁ရက်နေ့က ပြောင်းရွှေ့ဖွင့်လှစ်ကာ စာသင်ကြားပို့ချနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယခုနှစ် ကျောင်းဖွင့်ချိန် ဇွန်လက တဝန်ဖန်ရကျေးရွာ၌ ကိုဗစ်ကူးစက်မှုများကြောင့် ကျောင်းမဖွင့်နိုင်ခဲ့သော်လည်း ယခု နိုဝင်ဘာလတွင်မူ ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကျေးရွာအတွင်း နေထိုင်သူတစ်ဦးက ကျောင်းထိုင် ဘုန်းကြီးနှင့် တိုင်ပင်ကာ ကျောင်းသားကျောင်းသူများအား ဘုန်းကြီးကျောင်းတွင် စာသင်ကြားမှုများ ပြုလုပ်စေခဲ့ခြင်း ဖြစ်သည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ကြံ့ခိုင်ရေးပါတီ ထောက်ခံတဲ့ ဦးစံလင်းထွန်းက ဦးဆောင်ပြီး ကျောင်းထိုင်ဘုန်း ကြီးတွေနဲ့ တိုင်ပင်တယ်လေ။ ရွာမှာ စာသင်ကျောင်းတော့ရှိတယ်။ ကျောင်းမှာတော့ စာမသင်ရဲဘူး။ ဘုန်းကြီးကျောင်း မှာ သွားသင်ကြတယ်။ စာသင်ကျောင်းက လမ်းမကြီးဘေးမှာရှိနေတော့ အခုချိန်မှာ တစ်ခုခုဖြစ်ရင် ဘယ်သူမှ တာဝန် မယူနိုင်တော့ ဘုန်းကြီးကျောင်းကို အကာအကွယ်(cover)လုပ်ပြီး အဲ့မှာစာသွားသင်ကြတာ ထင်တယ်။”ဟုပြောသည်။
တဝန်ဖန်ရ (မူလွန်)ကျောင်းသည် ဖားအံ_မြိုင်ကြီးငူသွားသည့် ကားလမ်းမကြီးဘေးတွင်တည်ရှိပြီး ကျောင်းသူကျောင်း သားများနှင့် ဆရာ၊ဆရာမများ လုံခြုံရေးအတွက် တာဝန်ယူပေးမည့်သူမရှိသည့် အကြောင်းပြချက်ဖြင့် ရွာဦးဘုန်းကြီး ကျောင်းတွင် ယင်းသို့ သွားရောက်ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု သိရသည်။

ကျောင်းသူကျောင်းသားဦးရေ စုစုပေါင်း ၂၀၀ကျော်နှင့် ဆရာ/ဆရာမ (၄)ဦး တက်ရောက်နေကြသည့် အဆိုပါမူလွန် ကျောင်း၏ စာသင်ချိန်ကို နံနက် (၈)နာရီမှ မွန်းလွဲ (၁)နာရီခွဲအထိ သတ်မှတ်ထားသည့်အပြင် စာသင်ကြားပို့ချပေးရန် ကျောင်းထိုင်ဘုန်းကြီးက ရွာအတွင်းရှိ လူငယ်အချို့ကို ကူညီသင်ကြားစေကြောင်းလည်း သိရှိရသည်။
“ဇွန်လတုန်းက ဒီရွာမှာ ဘယ်သူမှ ကျောင်းမသွားကြဘူး။ အခုတော့ ကျောင်းသူ၊ ကျောင်းသား (၂၀၀)ကျော်နဲ့ ကျောင်း ဆရာ၊ဆရာမ (၄)ယောက်ရယ်။ ဘုန်းကြီးက ရွာမှာရှိတဲ့လူငယ်တချို့ကို ကျောင်းသားတွေကို စာသင်ပေးဖို့ အကူအညီ ခေါ်ထားတော့ စာသွားသင်ပေးနေတဲ့ လူငယ်တွေလည်းရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
လှိုင်းဘွဲမြို့တွင်းနှင့် အနီးဝန်းကျင်ကျေးရွာများရှိ စာသင်ကျောင်းများတွင် ဇွန်လကျောင်းစဖွင့်သည့်အချိန်က ကျောင်း တက်ခဲ့သည့် ဆရာ၊ဆရာမနှင့် ကျောင်းသူ/ကျောင်းသားဦးရေထက် ယခု နိုဝင်ဘာလတွင်မူ ကျောင်းတက်ရောက်သည့် ဆရာမဦးရေနှင့် ကျောင်းသူ/ကျောင်းသားဦးရေမှာ ပိုမို များပြားလာသည်။
ယခင်က လှိုင်းဘွဲမြို့နယ်တွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ၌ ပါဝင်ခဲ့သူ ဆရာ/ဆရာမစုစုပေါင်း (၈၆၂)ဦးရှိခဲ့သော်လည်း ထိုအထဲမှ Non-CDM ပြန်လည်ပြုလုပ်သွားသည့် ဆရာ/ဆရာမများရှိလာနေကြောင်းလည်း လက်ရှိ CDM ပြုလုပ်ထားနေဆဲ ဆရာ၊ဆရာမများ၏ ပြောကြားချက်များအရ သိရသည်။



















