Home သတင်း မြန်မာ‌ငွေတန်ဖိုးကျချိန် ထိုင်းကုန်‌ဈေးနှုန်းတက်၍ ကုန်စုံဆိုင်များတွင် ဝယ်သူနည်းပါးလာ

မြန်မာ‌ငွေတန်ဖိုးကျချိန် ထိုင်းကုန်‌ဈေးနှုန်းတက်၍ ကုန်စုံဆိုင်များတွင် ဝယ်သူနည်းပါးလာ

2348

‌အောက်တိုဘာ ၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်‌နေသည့် ကရင်ပြည်နယ်တွင် နယ်စပ်ကုန်သွယ်မှုအရ မြန်မာ‌ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာချိန် ကုန်‌ဈေးနှုန်းများမှာ ယခင်‌ဈေးထက် နှစ်ဆခန့် မြင့်တက်သွားသည့်အတွက် ပြည်နယ်အတွင်းရှိ ကုန်စုံ ဆိုင်များ၌ ‌ဈေးဝယ်သူ နည်းပါးလာ‌ကြောင်း ကုန်ဆိုင်‌ရောင်းသူများထံမှ သိရသည်။

ကရင်ပြည်နယ်ရှိ ပြည်သူလူထု အများစုမှာ ထိုင်းနိုင်ငံမှထုတ်လုပ်သည့် စား‌သောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲလျှက်ရှိရာ ယခုရက်ပိုင်းတွင် ထိုင်းဘတ်‌ငွေ ‌ဈေးတက်ပြီး မြန်မာကျပ်‌ငွေ ဆက်တိုက်ကျဆင်းလာသဖြင့် ထိုင်းကုန်ပစ္စည်းအားလုံး ‌ဈေးတက်သွားရခြင်းဖြစ်သည်ဟု ကုန်စုံဆိုင်‌ရောင်းသူများက ‌ပြောသည်။

ဖားအံမြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက “အခုရက်ပိုင်းမှာ ကုန်‌ဈေးနှုန်း‌တွေ ချက်ချင်းတက်သွား‌တော့ လူ‌တွေက မလို အပ်‌တော့ဘဲ ပစ္စည်းမဝယ်‌တော့ဘူး ထင်တယ်။ ‌ရောင်းအား‌တော့ ထက်ဝက်ကျသွားတယ်။ အခုက ထိုင်းဘက်က လာ တဲ့ပစ္စည်းပဲ တက်တယ်။ မြန်မာပြည် ပစ္စည်း‌တွေက အရမ်းကြီး‌တော့ မတက်‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံမှဝင်လာသည့် အ‌ခြေခံစား‌သောက်ကုန်များဖြစ်‌သော စားသုံးဆီ ၁ လီတာ တစ်ဗူးလျှင် ယခင်က ၁၅၀ဝကျပ်မှ ယခု ၂၆၀ဝကျပ်အထိလည်း‌ကောင်း၊ ယခင်က ၆၀၀ဝကျပ်တန် မာမား‌ခေါက်ဆွဲ‌ခြောက် တစ် ဖာကို ယခု ၁၀၀၀ဝ ကျပ်အထိ ‌ပေးဝယ်‌နေရပြီဖြစ်‌ကြောင်း ကုန်စုံဆိုင်‌ရောင်းသူများထံမှ သိရသည်။

ယင်းသို့ ကုန်‌ဈေးနှုန်းများ အဆမတန် ‌ဈေးတက်သည့်အတွက် ယခုအချိန်၌ ပစ္စည်းများ‌ရောင်းချရ‌သော်လည်း အမြတ် အစွန်းရရှိမှု နည်းပါးခြင်း‌ကြောင့် အလုပ်အကိုင် အဆင်မ‌ပြေ‌ကြောင်း အ‌ခြေခံစား‌သောက်ကုန်‌ရောင်းသည့် ‌ဒေသခံတစ် ဦးက ယခုလို ‌ပြောသည်။

“အခု လူ‌တွေက အလုပ်အကိုင် ရှားပါးတယ်။ ပိုက်ဆံလည်း ရနည်းတယ်။ သူတို့အသုံးစရိတ်ကလည်း ‌လျော့သွား တယ်။ ယခင်အတိုင်း လုပ်အားခ ပုံမှန်ရလည်း ကုန်‌ဈေးနှုန်းတက်‌တော့ ဝယ်စားဖို့ အဆင်မ‌ပြေကြ‌တော့ဘူး။ အရင်က ကုန်‌ဈေးနှုန်းတက်‌ပေမယ့်လည်း ‌ရောင်းအားနဲ့က ချိန်လို့ရတယ်။ အခုက အဲလို မရ‌တော့ဘူး။ ‌ရောင်းအား ဘယ် ‌လောက်‌ကောင်း‌ကောင်း အမြတ်သိပ်မကျန်ဘူး။”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံမှ ဝင်လာသည့် လူသုံးကုန်ပစ္စည်းနှင့် စား‌သောက်ကုန်များမှာ ‌ဈေးတက်‌သော်လည်း ကရင်ပြည်နယ်အတွင်း ရှိ ‌တောင်သူများ စိုက်ပျိုးသည့်သီးနှံများမှာ ‌ဈေးတက်ခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ ‌ရောင်းချ‌နေရ‌ကြောင်း ကျုံဒိုးမြို့ရှိ ‌ဒေသထွက်သီးနှံ‌ရောင်းဝယ်သူ ကုန်သည်တစ်ဦးက ‌ပြောသည်။

၎င်းက “‌ဒေသထွက် သီးနှံ‌တွေက တစ်ခြားပစ္စည်းလို ‌ဈေးတင်ပြီး ‌ရောင်းမရဘူး။ ပုံမှန်သုံး‌နေရတဲ့ ပစ္စည်း‌လောက်ပဲ ‌ဈေးတင်လို့ ရမယ်။ ပုံမှန် သုံးဖို့မလိုတဲ့ ‌ဒေသထွက်သီးနှံ‌တွေဆိုရင် ‌ဈေးတင်ရင် သိပ်‌ရောင်းမရ‌တော့ဘူး။ ပြီး‌တော့ ဆန် ‌ဈေး‌တောင် အများကြီး မတက်ဘူး။ ဆီဖိုးကြည့်ပြီး သယ်ခ‌လောက်ပဲ နည်းနည်းပါးပါးတက်တယ်။”ဟု သူက ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ယ‌နေ့ ‌အောက်တိုဘာလ ၁ ရက်‌နေ့အထိ မြန်မာ‌ငွေကျပ် ၁ သိန်းကို ဘတ်‌ငွေ ၁၆၅ဝ ‌ဈေး‌ပေါက်သည်ဟု မြဝတီမြို့ရှိ ‌ငွေလဲလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။