အောက်တိုဘာ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
တနသင်္ာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာနေ အမျိုးသားတစ်ဦး စက်တင်ဘာလ ၃ဝရက်နေ့ ညက စစ်ကောင်စီ အားပေးထောက်ခံသူ ပျူစောထီးအဖွဲ့ဝင်များက ပုံစံမျိုးစုံ စွပ်စွဲပြောဆို ပစ်သတ်ပြီးနောက် အလောင်းကို ပုလောမြို့နယ် အော့ပူ(ရှမ်းဒွတ်) ကျေးရွာတွင် လာပစ်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အသက် (၃၅) နှစ်အရွယ် ကိုမျိုးမင်းထိုက် ဆိုသူ အမျိုးသားကို စစ်ကောင်စီ အားပေးထောက်ခံသူ ပျူစောထီးအဖွဲ့ဝင် များက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)တပ်ဖွဲ့ဝင်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းပေးဟူ၍ ပုံစံမျိုး စုံ စွပ်စွဲပြောဆိုပြီး လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံရွာသားတစ်ဦးက ယခုလို ပြောသည်။
“ရွာမှာ ည ၈နာရီလောက် သေနတ်သံကြားတော့ ဘာမှမဟုတ်ဘူး ထင်နေတာ။ ဒါပေမဲ့ လူတစ်ယောက်သေနေတာကို နောက်နေ့မှတွေ့တယ်။ ဒါပေမဲ့ ဒီက ရွာသားမဟုတ်ဘူး ဖြစ်နေတယ်။ တခြားရွာက ဖြစ်နေတယ်။ သူ့ကို PDF သတင်း ပေး၊ KNU သတင်းပေးဆိုပြီး ဒီက ဗျူစောထီးဝင်တွေက စွပ်စွဲနေကြတာ။ ကြားမိတာ သေသွားတဲ့ အစ်ကိုက လှေပြန် ရွာကနေ ပြန်လာတာ။ အဲ့ဒါကို ကွာရန်တင်း ဝင်ခိုင်းတာကို မဝင်တဲ့အတွက် သူ့ရွာက လူတွေက ရှမ်းဒွတ်ရွာက ပျူစော ထီးတွေနဲ့ ပေါင်းပြီး လုပ်ကြံလိုက်ကြတာ။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ သေဆုံးသွားသူမှာ ယမန်နေ့ အောက်တိုဘာလ ၁ရက်နေ့က သေဆုံးသွားကြောင်း ဒေသတွင်းသတင်းများက ဖော်ပြကြသော်လည်း အမှန်တကယ်တွင် ထိုဝိုင်းဝန်းလုပ်ကြံခံလိုက်ရသည့် စက်တင်ဘာလ ၃ဝရက်၊ ည ၈နာရီတွင် သေဆုံးသွားခြင်းဖြစ်ပြီး ဝိုင်းဝန်းနှိပ်စက်ပြီးနောက် ဒဏ်ရာများဖြင့် ရှမ်းဒွတ်ကျေးရွာသို့ ခေါ်လာခဲ့ပြီး သေနတ်ဖြင့် နောက်ကျောကို ပစ်သတ်ခံခဲ့ရကာ တစ်နေကုန်ထားပြီးမှ အလောင်းကို နောက်နေ့ ညနေပိုင်းတွင် လာရောက်ယူ ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။
ထိုသို့ အပစ်သတ်ခံရပြီးနောက် အပစ်သတ်ခံရသူထံတွင် တူမီးသေနတ်နှင့် သေနတ်ကျည်ဆံ ၂၅တောင့်တွေ့ရကြောင်း စွပ်စွဲပြောဆိုပြီး သေဆုံးသူထံတွင် တွေ့ရသော သေနတ်နှင့်ကျည်ဆံများမှာ ကျေးရွာတွင်းမှ စစ်ကောင်စီအားပေး ပျူစောထီးအဖွဲ့ဝင်များ၏ သေနတ်များသာဖြစ်ပြီး လိမ်လည်သတင်းဖြန့်လိုက်ခြင်းဖြစ်သည်ဟု ၎င်းသေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“သေသွားတဲ့သူရဲ့ ဘေးမှာ သေနတ်နဲ့ ကျည်ဆံကို ချထားပြီးတော့ သူတို့လုပ်တာကို ဖုံးကွယ်ဖို့ ကြိုးစားကြတာပေါ့။ အလောင်းကို ရွာမှာ တစ်နေကုန် လာချထားပြီး ညနေလောက်မှ လာသယ်သွားကြတာ” ဟု ကေအိုင်စီသို့ ပြောသည်။
သေဆုံးသွားသူ ကိုမျိုးမင်းထိုက်၏ အနီးတွင် ကိုးလုံးကျည်ဟု ခေါ်သော ကျည် ၂၅တောင့်နှင့် တူမီးသေနတ် တစ်လက် တွေ့ရကြောင်းနှင့် ၎င်းပစ္စည်းများမှာ ကိုမျိုးမင်းထိုက်၏ ပစ္စည်းများဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ ဝင်များက ပြောဆိုခဲ့သော်လည်း ၎င်းပစ္စည်းများမှာ သေဆုံးသူ၏ ပစ္စည်းများ မဟုတ်ကြောင်း ကိုမျိုးမင်းထိုက်နှင့် ဆွေမျိုးတော်စပ်သူများဘက်က ငြင်းဆိုထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်ကောင်စီအားပေး အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ၏ သတိပေးရှင်းလင်းမှုများ နေ့စဉ်ဖြစ်ပွားလျက်ရှိသလို PDF အဖွဲ့ဝင်များဟု စွပ်စွဲခံရသောသူများ လည်း ပုံစံမျိုးစုံဖြင့် စွပ်စွဲဖမ်းဆီး အရေးယူခံရမှုနှင့် သတ်ဖြတ်ခံရမှုများ နေ့စဉ် ဖြစ်ပွားလျက်ရှိသည်။
လက်ရှိ သေဆုံးသွားသူ ကိုမျိုးမင်းထိုက်ကို PDF အဖွဲ့ဝင်များက လုပ်ကြံသတ်ဖြတ်ကြောင်းလည်း သတင်းအမှားလွှင့် ပြောဆိုမှုများရှိနေကြောင်းလည်း ဒေသခံများက ဆိုသည်။



















