လက်ရည်တစ်ပြင်တည်း စားချင်တယ်
နွေဦးလေက သစ္စာမြေကို
မညှာမတာ တိုက်ခတ်လို့…
ဒီလှိုင်းဂယက်ကြားကပဲ
တို့တစ်တွေ ရှင်ကွဲ ကွဲခဲ့ရတယ်။
ဆုံမှတ်တူတယ် ဆိုပေမဲ့
ရင်းခဲ့ရတဲ့ နေ့တွေက
ရက်စွဲတွေ မတူဘူး …
ရင်းခဲ့ရတဲ့ အရင်းအနှီးတွေက
နောက်ဆုံးထွက်သက်ထိ ဆိုတော့
တန်ဖိုးချင်း မတူဘူး …။
တစ်မွန်းတည့် ဟန်ပြရုံနဲ့
ခရီးရောက်နိုင်ရိုးလား…
ဆယ်ဖီတစ်ချက်ဆွဲပြရုံနဲ့
ပန်းတွေ ဝေနိုင်ရိုးလား…
တစ်ဝမ်းတစ်ခါး ရရုံလေးနဲ့
လူရင်းကို ရှင်ကွဲ ကြံရက်တယ်။
ရဲရင့်ရမယ်…တဲ့
ပြတ်သားရမယ်…တဲ့
အမှန်တရားဘက် ရပ်တည်ရင်း…
တကယ့် အမှန်တရားက ကိန်းအောင်းမနေဘူး
အမှန်တရားနောက်လိုက်ရင်း…
လူသားတစ်ယောက်ရဲ့ အခွင့်အရေး
ပိုဝေးသွားသလို…
သတ္တိရှိပြပြီးမှ…
မရေရာတဲ့ မျှော်လင့်ချက်တွေ ပေးပြီးမှ…
လူရင်းကို ချောက်ထဲ တွန်းချတယ်။
လက်ရှိရလဒ်က
တို့တစ်တွေ မျက်နှာချင်း မဆိုင်တော့ဘူး
ဒါ…အရှိတရား…
တစ်ဦးနဲ့တစ်ဦးတွေ့ရင်တာင်
မချိပြုံးတွေက အသက်မဝင်တော့ဘူး
ဒါ…ဘယ်စာမျက်နှာမှာမှ မပါတဲ့သတင်းစကား…
ထားလိုက်တော့…
နွေဦးဟာ အစွန်းတစ်ဖက်မှာ
ပန်းပဲ ဝေဝေ…
ပန်းပဲ ခြွေခြွေ…
တို့တစ်တွေ သစ္စာတဲလေးမှာ
အရင်လိုပဲ လက်ရည်တစ်ပြင်တည်း စားချင်တယ်။ ။
အမျိုးသားသစ္စာဖြင့်
စောယောင့်သာအဲဆန်
၂၉/၁၀/ ၂၀၂၁ ။ ည(၁၀: ၇)