စက်တင်ဘာ ၂၈ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
မြန်မာကျပ်ငွေတန်းဖိုး အကျကြမ်းနေသဖြင့် မြဝတီမြို့ရှိ ထိုင်းကုန်ပစ္စည်း အရောင်းဆိုင် အတော်များများမှာ ထိုင်းဘက်ခြမ်းက ကုန်ပစ္စည်းဝယ်ယူမှုကိုရပ် တန့်ပြီး လက်ရှိ ဆိုင်တွင်းရှိ ကုန်ပစ္စည်းများကိုသာ ထုတ်ရောင်းပေးနေသည် ဟု သိရသည်။
ယခု တစ်လအတွင်း မြဝတီနယ်စပ် ထိုင်း-မြန်မာ ငွေလဲဈေးကွက်၌ မြန်မာကျပ်ငွေ တန်ဖိုးမှာ ဆက်တိုက် ကျဆင်းလျက်ရှိသည့်အတွက် မကြုံဖူးသည့် ငွေဈေးပြောင်း လဲမှုကြုံနေရသည်ဟု မြဝတီမြို့ရှိ ထိုင်း-မြန်မာ ငွေလဲဝန်ဆောင်မှု လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
“ယမန်နေ့ ညပိုင်းအထိ ထိုင်းဘတ်ငွေ ၁၆၃ဝ ကို မြန်မာငွေ ၁ သိန်း ရှိရာမှ ဒီကနေ့ ညနေပိုင်းအထိ ထိုင်းဘတ်ငွေ ၁၄၈ဝ လျှင် မြန်မာကျပ်ငွေ ၁ သိန်း ထိ ဖြစ်လာပါပြီး။ ဒါဟာ မြဝတီနယ်စပ် ငွေလဲဈေးကွက်မှာ မကြုံဘူးတဲ့ ငွေဈေးပြောင်းလဲမှုဖြစ်စဉ် လို့ ဆိုရမှာပါ ” ဟု ၎င်းက ပြောသည်။
ထိုသို့ မြန်မာငွေကြေးဆက်တိုက် ကျဆင်းလာမှု နှင့် ငွေလဲနှုန်းဈေးကွက် မတည်ငြိမ်မှုကြောင့် မြဝတီနယ်စပ်ရှိ ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်အတော်များများမှာ ထိုင်းကုန်ပစ္စည်းများကို အသစ်မှာယူ ဝယ်တင်ခြင်းများ မပြုလုပ်တော့ဘဲ ယခင်က ဝယ်ယူထားသည့် ကုန်ပစ္စည်းများကိုသာ ရောင်းနေကြရခြင်းဖြစ်သည်။

မြဝတီမြို့ရှိ ထိုင်းလူသုံးကုန်ပစ္စည်း အရောင်းဆိုင် ပိုင်ရှင်တစ်ဦးက “ဒီလထဲမှာ ထိုင်းဘတ်ဈေးက အတော်လေးကို တက်နေတာ။ ဒီဘက်မှာက မြန်မာငွေနဲ့ ပြန်ရောင်းတဲ့အခါ ကုန်ပစ္စည်းဈေးနှုန်းက အဆမတန်ဈေးမြင့် တက်လာတယ်။ ဝယ်ယူသူတွေလည်း တော်ယုံမဝယ်နိုင် ကြဘူးလေ။ နေ့စဉ်နှင့်အမျှ ငွေလဲဈေးနှုန်း တွေကလည်း အပြောင်းအလဲရှိနေတော့ ကုန်ပစ္စည်းကို ဈေးနှုန်းသတ်မှတ်ဖို့ ခက်ခဲလာတယ်။ “ဟု ပြောသည်။
ထိုသို့ ထိုင်းနိုင်ငံထုတ် လူသုံးကုန် ပစ္စည်းများကို ဝယ်ယူမှုတစ်ချို့ ရပ်နား ထားနိုင်သော်လည်း မဝယ်မဖြစ် ဝယ်ယူရမည့် စားသောက်ကုန်များကိုမူ ထိုင်းဘက်ခြမ်းမှ ဝယ်ယူတင်သွင်းနေရဆဲဖြစ်သည်။
မြဝတီမြို့ ၏ အခြေခံစားသောက်ကုန် ဈေးကွက်တွင် စားသုံးဆီမှအစ ကန်းစွန်း ရွက်အဆုံး ထိုင်းဘက်ခြမ်းမှ ဝယ်ယူစားသောက်နေကြရပြီး ယခုလို မြန်မာငွေ ဈေးကျ၍ ထိုင်းဘတ်ငွေ ဈေးတက်လာသည့်အတွက် အခြေခံစားသောက်ကုန် ပစ္စည်းများလည်း အဆမတန်ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း သိရသည်။
ထို့အပြင် ကရင်ပြည်နယ်၏ မြို့တော် ဖားအံအပါအဝင် ပြည်နယ်တစ်ခုလုံးတွင် အခြေခံစားသောက်ကုန်များအပြင် အခြားကုန်ပစ္စည်းမျိုးစုံသည်လည်း အဆမတန်ဈေးနှုန်းမြင့်တက်လျက်ရှိသည်ဟု သိရှိရသည်။



















