Home သတင်း တပ်ဖွဲ့ဝင်များ KNU ထံ ပူး‌ပေါင်းသွားသည့် သတင်း‌ကြောင့် စစ်‌ကောင်စီတပ်များ မုန်း‌ဒေသတွင် တပ်အင်အားတိုးချဲ့ပြင်ဆင်

တပ်ဖွဲ့ဝင်များ KNU ထံ ပူး‌ပေါင်းသွားသည့် သတင်း‌ကြောင့် စစ်‌ကောင်စီတပ်များ မုန်း‌ဒေသတွင် တပ်အင်အားတိုးချဲ့ပြင်ဆင်

7751

စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ပဲခူးတိုင်း၊ ‌ကျောက်ကြီးမြို့နယ်၊ မုန်း‌ဒေသရှိ စစ်‌ကောင်စီ လက်‌အောက်ခံ တပ်ဖွဲ့ဝင်များ ကရင်အမျိုးသားအစည်း အရုံး-KNU တပ်မဟာ (၃) လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် -KNLA တပ်ရင်း (၈)ထံ သို့ သွား‌ရောက်ပူး ‌ပေါင်းသွားသည့် သတင်း‌ကြောင့် လက်ရှိတွင် စစ်‌ကောင်စီဘက်မှ ၎င်း‌ဒေသတွင် စစ်အင်အား တိုးချဲ့ ပြင်ဆင်‌နေ‌ကြောင်း KNU ဘက်က ‌ပြောသည်။

မုန်း‌ဒေသအ‌ခြေစိုက် စစ်‌ကောင်စီ၏ ‌ခြေမြန်တပ်ရင်း (ခမရ-၅၉၉) မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင်တချို့ လက် နက်ကြီးလက်နက်ငယ်များဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်‌နေ့က KNU တပ်မဟာ (၃) တပ်ရင်း(၈) ထံ ပူး‌ပေါင်းလိုက်‌ကြောင်း သတင်းများထွက်‌ပေါ်လာခဲ့ပြီး လက်ရှိတွင် စစ်‌ကောင်စီဘက်မှ တပ်အင်အား ၂၀ဝ ‌ကျော်ဖြင့် ၎င်း‌ဒေသတွင် စစ်အင်အား ဖြည့်တင်းပြင်ဆင်မှုများ ပြုလုပ်‌နေ‌ကြောင်း KNU တပ်မဟာ (၃) တာဝန်ရှိ သူ တစ်ဦးက ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ ဘက်က စစ်‌ကောင်စီတပ်‌တွေ ပြန်ဆုတ်သွားပြီး‌တော့ အခု မုန်းမြို့နယ်ဘက်က တပ်ရင်း (၈)ဘက်ကို တက်သွားကြတယ်။ သူတို့ရဲ့ ဗိုလ်ကြီး‌တွေ၊ စစ်သား‌တွေ တပ်ရင်း ၈ ဘက်ကို သွားခိုလှုံလိုက်တယ်ဆိုတဲ့ သတင်း ‌ကြောင့် တပ်ရင်း (၈)ဘက်ကို ပစ်မှတ်ပြန်ထားကြပြီး‌တော့ ၂၅ ရက်‌နေ့ မနက် (၂)နာရီ‌လောက်မှာ အင်အား တစ်ရာ‌ကျော်‌လောက် ‌ကြောင်ပြာ စခန်းထဲကို ပြန်ဝင်ပူး‌ပေါင်းကြတယ်။ ‌နောက်ည‌နေ ၃ နာရီ ၂၅ မိနစ်‌လောက်မှ တစ်ရာ‌ကျော် ထပ်ဖြည့်ထား‌သေးတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ အင်အားဖြည့်တင်း ပြင်ဆင်‌နေသည့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂ဝ ရက်မှ ၂၄ ရက်‌နေ့အထိ KNLA တပ်ရင်း (၉) နယ်‌မြေတွင်ဝင်‌ရောက်လှုပ်ရှားသည့် တပ်ဖွဲ့ဝင်များဖြစ်သည်။ အဆိုပါ စစ်‌ကောင်စီတပ်ဖွဲ့သည် KNLA တပ်ဖွဲ့ဝင်များနှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားပြီး‌နောက် အများအပြား ထိခိုက်ကျဆုံးကာ စက်တင်ဘာလ ၂၅ ရက်‌နေ့က တပ်ရင်း (၉) နယ်‌မြေအတွင်းပြန်လည်ဆုတ်ခွာပြီး‌နောက် တပ်ရင်း (၈) နယ်‌မြေဘက်သို့ သွား‌ရောက် အင်အားစုစည်းပြင်ဆင်‌နေကြခြင်းဖြစ်သည်ဟု ၎င်း KNU တာဝန်ရှိသူက ဆက်‌ပြောသည်။

ပုံမှန်အားဖြင့် တပ်ဖွဲ့အင်အား ဆယ်ဂဏန်းသာရှိတတ်သည့် ထို‌ကြောင်ပြာ တပ်စခန်းတွင် လက်ရှိ အင်အား ရာနှင့်ချီ၍ ဝင်‌ရောက်လာကြပြီး တချို့တပ်ဖွဲ့ဝင်များမှာ KNLA တပ်ရင်း (၈) နယ်‌မြေသို့ ဦးတည်‌နေသည့် လမ်းတစ်ဝက်တွင် ‌ရောက်ရှိ‌နေကြပြီးဖြစ်သည်။ KNU ထိန်းချုပ်နယ်‌မြေသို့ ‌ရောက်ရှိရန် အကွာအ‌ဝေးအားဖြင့် မိနစ်အနည်းငယ်ခန့်သာ သွား‌ရောက်ရမည်ဖြစ်သည့်အတွက် လက်ရှိတွင် KNU ဘက်မှ သတိထား‌စောင့်ကြည့်‌နေရသည့် အ‌နေအထားတွင်ရှိ‌ကြောင်း KNU ဘက်က ဆိုသည်။

ယခုလ ၂၂ ရက်မှ ၂၄ ရက်‌နေ့အထိ ၃ ရက်တာအတွင်း KNU တပ်မဟာ (၃) တပ်ရင်း (၉) နယ်‌မြေတွင် စစ်‌ကောင်စီတပ်နှင့်ပစ်ခတ်တိုက်ခိုက်မှု‌ပေါင်း ၉ ကြိမ်ဖြစ်ပွားခဲ့ရာ ၎င်းပစ်ခတ်မှုတွင် စစ်‌ကောင် စီဘက်မှ ထိခိုက်ကျဆုံးမှုများ‌သော‌ကြောင့် စစ်‌ကောင်စီတပ်များသည် ၂၄ ရက်‌နေ့တွင် တစ်ဝက် ပြန်ဆုတ်ခွာခဲ့ပြီး ၂၅ ရက်‌နေ့တွင် တပ်အားလုံး ပြန်လည်ဆုတ်ခွာခဲ့သည်ဟု KNU ဘက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံ ‌ကျေးရွာသား ‌ထောင်နှင့်ချီ၍ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရပြီး လက်ရှိတွင် စစ်‌ကောင်စီဘက်မှ ပြန်ဆုတ်သွားပြီးဖြစ်သည့်အတွက် ‌ဒေသခံများ မိမိ‌ဒေသသို့ ပြန်လည်ဝင်‌ရောက်လာ ခဲ့ကြပြီး ဖြစ်‌သော်လည်း လတ်တ‌လောအ‌နေအထားတွင် ‌ပြေးလွှား‌ရှောင်တိမ်းရန်အတွက် သတိအ‌နေအထားဖြင့် ‌နေထိုင်‌နေရ‌ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာလ ၂၄ ရက်‌နေ့က မုန်း‌ဒေသ အ‌ခြေစိုက် စစ်‌ကောင်စီ တပ်ရင်း (ခမရ-၅၉၉) တပ်ဖွဲ့ဝင်များ သည် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် KNLA တပ်ရင်း ၈ ဘက်သို့ ဝင်‌ရောက်ခိုလှုံခဲ့သည့် သတင်း နှင့် ပတ်သက်ပြီး ‌ကေအိုင်စီ-ကရင်သတင်းဌာန အ‌နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိ‌သေးဘဲ KNU ဘက်မှလည်း တစ်စုံတစ်ရာ ထုတ်ပြန်‌ပြောဆိုခြင်းမရှိ‌ကြောင်း သိရသည်။