ကိုဗစ် ကာကွယ်ဆေးဆိုင်ရာ ပြည်သူအများ သိကောင်းစရာ
ဒေါက်ပိုင်ဟိန်
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့် ပြင်းထန်အဆုတ်ရောင်ရောဂါ ကမာ္ဘပေါ်တွင် စတင်ဖြစ်ပွားခဲ့သည်မှာ ယခုဆိုလျင် ၂နှစ်ဝန်းကျင်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ လူအများ အလွယ်တကူခေါ်ဆိုသည့် ကိုဗစ်ရောဂါကြောင့် မိမိတို့အားလုံး လူမှုစီးပွားဘဝများအပေါ် များစွာ အကျိုးသက်ရောက်ခဲ့သည်ကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ အဆိုပါ ကိုဗစ်-၁၉ဗိုင်းရပ်စ် ကူးစက်ခံရလျှင် အသက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများ ပိုမိုကူးစက်နိုင်သလို အသက်ဆုံးရှုံးမှုများလည်း ရှိခဲ့ သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရမှုကို ၂၀၂ဝ ပြည့်နှစ်၊ မတ် ၂၃ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ပြီး ယခုဆိုလျှင် တစ်နှစ်ခွဲခန့်ထိ ရှိပြီးသည်။ တနှစ်ခွဲကာလအတွင်း ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်း ကူး စက်မှုဒဏ်ကို ယနေ့ချိန်ထိ ခံစားနေရပြီး စက်တင်ဘာ ၁၅ရက်နေ့ထိ တရားဝင်စာရင်းများအရ ကူးစက်ခံရသူ ၄၃၈,၉၅၁ဦးရှိကာ ရောဂါကြောင့် သေဆုံးသူ ၁၆,၇၈၄ဦး ရှိပြီးဖြစ်သည်။ (အဆိုပါစာရင်းသည် ကျန်းမာရေးဝန်ကြီးဌာန က တရားဝင်ထုတ်ပြန်ချက်ဖြစ်ပြီး ယခု ကိုဗစ်တတိယလှိုင်းတွင် ကူးစက်ခံရမှုနှင့် သေဆုံးမှုများမှာ ယခုထက် ပိုနိုင် သည်။)
ထို့အပြင် မြန်မာနိုင်ငံ၏ ကိုဗစ်တတိယလှိုင်းကာလတွင် ကျန်းမာရေးဝန်ကြီးဌာနက Stay at Home သတ် မှတ်ထားသော မြို့နယ် ၁၁၉မြို့နယ်ရှိပြီး ယင်းတို့အနက် စက်တင်ဘာ ဒုတိယပတ်ထိ စာရင်းများအရ ၆၅မြို့နယ်မှာ ပိုးတွေ့ရှိမှု သိသားစွာ ကျဆင်းသွားခြင်းမရှိသေးသည့်အပြင် ၄မြို့နယ်၌မူ ပိုးတွေ့ရှိမှု တိုးလာပြီး ၉မြို့နယ်မှာ ပိုးတွေ့ရှိမှု ကျဆင်းသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ကမာ္ဘပေါ်တွင် ကိုဗစ်-၁၉ ကူးစက်မှု တစ်နှစ်ကျော်ကြာအချိန်တွင် ကိုဗစ်ကာကွယ်ဆေးများထွက်ပေါ်လာခဲ့ပြီး လက်ရှိကမာ္ဘ့ကျန်းမာရေးအဖွဲ့(World Health Organization-WHO)က အရေးပေါ်သုံးစွဲရန် ခွင့်ပြုထားသည့် ကာကွယ် ဆေးများမှာ –
• အက်စထရာ ဇီနီကာ/အောက်စ်ဖို့ (AstraZeneca/Oxford Vaccine) အဂင်္လန်နိုင်ငံမှ ထုတ်လုပ်သည်။
• ဂျွန်ဆင်နှင့် ဂျွန်ဆင် (Johnson and Johnson) အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည်။
• မိုဒါးနား (Moderna) အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည်။
• ဖိုင်ဇာ/ဗိုင်အိုတက်ခ် (Pfizer/BionTech) အမေရိကန်နှင့် ဂျာမဏီနိုင်ငံများမှ ထုတ်လုပ်သည်။
• ဆိုင်နိုဖန်း (Sinopharm) တရုတ်နိုင်ငံမှ ထုတ်လုပ်သည်။
• ဆိုင်နိုဗက် (Sinovac) တရုတ်နိုင်ငံမှ ထုတ်လုပ်သည်။
ကိုဗစ် ကာကွယ်ဆေးထိုးသင့်သည့် အကြောင်းရင်း
ကမာ္ဘ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ကိုဗစ်ကာကွယ်ဆေးများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အပြည့် အဝ မကာကွယ်ပေးနိုင်သော်လည်း ကူးစက်မှုခံရပါက ရောဂါလက်က္ခဏာ ပြင်းထန်စွာ မခံစားရစေရန် ကာကွယ်ပေး ပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူရခြင်းတို့ကို လျော့နည်းစေပြီး အသက်သေဆုံးမှုကိုလည်း လျော့ကျစေသည်။ ထို့အ ပြင် ကိုဗစ်ကာကွယ်ဆေးများသည် ကိုဗစ်ဗိုင်းရပ်စ် Delta မျိုးကွဲ ကူးစက်မှုကိုလည်း လျော့နည်းစေသည်။ ထိုအချက် ကြောင့်ပင် ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရမည်ဆိုလျှင် အမြန်ဆုံး ထိုးထားသင့်ပေသည်။
ကိုဗစ်ကာကွယ်ဆေးများသည် ရောဂါကာကွယ်မှု ကိုယ်ခံအား ရရှိစေရန် လုပ်ဆောင်ပေးသည့်အတွက် ကာ ကွယ်ဆေးကို သက်ဆိုင်ရာ ကျန်းမာရေးဌာနများက လမ်းညွှန်ချက်အတိုင်း သတ်မှတ်အကြိမ်ရေ အပြည့်ထိုးရန် လို သည်။ ပထမအကြိမ် ဆေးထိုးပြီးပါက ရောဂါခုခံအား အပြည့်အဝ မရရှိသေးသည့်အတွက် ဒုတိယအကြိမ် ကာကွယ် ဆေးကို သတ်မှတ်ရက်တွင် မဖြစ်မနေ ထပ်ထိုးရမည်ဖြစ်သည်။
ကမာ္ဘ့နိုင်ငံအသီးသီးတွင် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့ သည့် ဖေဖော်ဝါရီလမှ စတင်ကာ ကိုဗစ်ကာကွယ်ဆေးများ ထိုးပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၄ရက်နေ့ထိ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၄.၉၉သန်း ရှိပြီးဖြစ်သည်။ ထိုအ ထဲတွင် ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးပြီးသူ ၃.၃၆၅သန်းနှင့် တစ်ကြိမ်ထိုးပြီးသူ ၁.၆၂သန်း ရှိသည်။
နိုင်ငံတော်ဘတ်ဂျက်ဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးများမှာ စက်တင်ဘာလ ၁၂ရက်တွင် ၄သန်း ရောက်ရှိလာပြီး စက်တင်ဘာလအတွင်း ၁ဝသန်း၊ အောက်တိုဘာလအတွင်း ၁ဝသန်း၊ နိုဝင်ဘာလတွင် ၄သန်း ရောက်ရှိလာမည်ဖြစ်ရာ ထိုးခွင့်ရသည့်အချိန်တွင် ကာကွယ်ဆေးထိုးထားသင့်ပါသည်။
ကာကွယ်ဆေးထိုးရသူ၊ မထိုးရသူများ
ကိုဗစ်ကာကွယ်ဆေး ထိုးနှံရမည့်သူများမှာ လတ်တလောတွင် သတ်မှတ်ထားချက်အရ အသက် ၁၈နှစ်နှင့်အ ထက်အရွယ်များ၊ ဆီးချိုနှင့် သွေးတိုး ရောဂါအခံရှိသူများ၊ အသက် ၅၅နှစ်အထက် ရောဂါအခံရှိသူများ၊ နာတာရှည်ရော ဂါရှိသူနှင့် မသန်စွမ်းသူများကို ဦးစားပေး ထိုးနှံပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များကို ကိုဗစ် ကာကွယ်ဆေး မထိုးပေးသေးကြောင်း ထုတ် ပြန်အသိပေးထားပြီး အလားတူ ကူးစက်မှုနှုန်း နည်းပါးသည့် ၁၈နှစ်အောက်အရွယ်များမှာလည်း ကာကွယ်ဆေးထိုးခွင့် မရသေးပေ။
ကိုဗစ်ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးများ
ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ လူအများစုသည် ကာကွယ်ဆေး ဘေးထွက်ဆိုးကျိုးကို လုံးဝ မခံစားရသည်များ ရှိကြောင်း သိရသည်။ သို့သော် အနည်းငယ်သော လူအချို့တွင် ကာကွယ်ဆေးထိုးပြီးနောက် ပုံမှန်အားဖြင့် ကြုံတွေ့ရ နိုင်သည့် ဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူဖျားခြင်းနှင့် ခန္ဓာကိုယ်ကိုက်ခဲခြင်းများ ကြုံရတတ်ပြီး ၎င်း တို့သည် နှစ်ရက်အတွင်း ပျောက်ကင်းသွားတတ်သည်။
ကာကွယ်ဆေးထိုးပြီးနောက် ပြင်းထန်သော ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး ခံစားရနိုင်ခြေ အလွန် နည်းပါးသော်လည်း သင့်အနေဖြင့် အကယ်၍ ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများရှိလာပါက ကိုဗစ်ကူးစက်မှုကို ကျန်းမာ ရေးစောင့်ရှောက်မှုပေးသည့် ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးပြီးပါက ဆေးထိုးပေး သည့်ဌာနအတွင်းမှ အိမ်သို့ချက်ချင်းမပြန်သေးဘဲ ခေတ္တ အနားယူပြီးမှ ပြန်လာသင့်သည်။ ထို့အပြင် ကိုယ်လက်ကိုက် ခဲပါကလည်း အကိုက်အခဲ ပျောက်ဆေးတမျိုးမျိုးကို သောက်သုံးသင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားသည်။
ကိုဗစ် ကူးစက်ခံရပြီးသူများ ကာကွယ်ဆေးထိုးသင့်မသင့်
ကိုဗစ်ကူးစက်မှုခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများအနေဖြင့် အဆိုပါကိုဗစ်ပိုးကို ခုခံနိုင်သည့် ကိုယ်ခံ အားထွက်ရှိပြီးဖြစ်သည့်အတွက် ရောဂါဖြစ်ပြီးသက်သာလာသည်နှင့် ကာကွယ်ဆေးထိုးရန်မလိုအပ်သေးဟု ဆေးပညာ ရှင်များက ဆိုသည်။ သို့သော် အဆိုပါခုခံအားစနစ်သည် အချိန်မည်မျှထိ ခံနိုင်မည်ကိုမှု တိကျသေချာသည့် သုတေသန များ မထွက်ရှိလာသေးသည်ကို တွေ့ရသည်။ ထို့အပြင် လူတိုင်း တစ်ဦးနှင့်တစ်ဦး ရောဂါအခံရှိမှု မတူနိုင်သလို ကိုယ်ခံ အားစနစ်မှာလည်း မတူနိုင်သည့်အတွက် ရောဂါသက်သာပျောက်ကင်းပြီး လအနည်းငယ်အကြာတွင် ကိုဗစ်ကာကွယ် ဆေးထိုးရန် လိုအပ်မည်ဖြစ်သည်။
ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ဘယ်လိုနေထိုင်မလဲ
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားသူများသည် မိသားစုအတွင်းတွင်ဖြစ်စေ၊ နေထိုင်ရာ ပတ်ဝန်းကျင်တွင်ဖြစ် စေ ကိုဗစ်ကာကွယ်ရေး နည်းလမ်းများအတိုင်း ဆက်လက်နေထိုင်သွားရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် ကိုဗစ် ကာကွယ်ဆေးသည် အလွန်ဆေးစွမ်းထက်သော်လည်း ရာခိုင်နှုန်းအနည်းငယ်သော လူများတွင် ကာကွယ်ဆေးထိုးပြီး နောက် ဖျားနာခြင်းရှိနိုင်သေးသည်။
ထို့အပြင် ကာကွယ်ဆေးမထိုးထားသော အခြားသူများသို့ မိမိထံမှ ဗိုင်းရပ်စ် သယ်ဆောင် ပျံ့နှံနိုင်သေးသည်။ ထို့ကြောင့် မည်သူမဆို ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် လူတဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ခြင်း၊ မည်သည့်အရာ ထိတွေ့မိသည်ဖြစ်စေ လက်ကို မကြာခဏ ဆေး ကြောခြင်း၊ နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း ကာကွယ်ရေးပစ္စည်းများကို စနစ်တကျသုံးစွဲရန်နှင့် စနစ်တကျစွန့်ပစ်ရန် လိုသည်။ လေဝင်လေထွက်မကောင်းသည့် နေရာများသို့ သွားရောက်ခြင်းကိုလည်း အတတ်နိုင်ဆုံး ရှောင်ရှားရမည်ဖြစ် သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်း ပြင်းထန်နေသည့် ဇူလိုင်လအတွင်း ပိုးရှိမရှိ စစ်ဆေးသူများထဲမှ ၄ဝရာခိုင်နှုန်းခန့်မှာ ပိုးတွေ့ရှိခဲ့ပြီး လက်ရှိ စက်တင်ဘာလ ဒုတိယပတ်အထိ ပိုးရှိမရှိ စစ်ဆေးသူများထဲမှ ၈ရာခိုင်နှုန်း အထိ ရောဂါပိုးတွေ့ရှိနေသေးသည့်အတွက် ရောဂါကူးစက်မှု အရှိန်ရှိနေသေးသည်ကိုတွေ့ရမည်ဖြစ်သည်။ နိုင်ငံတကာ စံနှုန်းအရ ကူးစက်မှု ၅ရာခိုင်နှုန်းအောက်ရောက်ရှိမှသာ ကူးစက်မှုကို ထိန်းချုပ်နိုင်သည့် အခြေအနေဖြစ်သည့်အတွက် အထူး သတိပြုကြပြီး ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်) ကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံပါရန် တိုက်တွန်းလိုပါသည်။