အာဇာနည်တွေရဲ့ တပ်လှန့်သံ
……………
• ဒီနှစ်ဟာ
အရင့်အရင်နှစ်တွေထက်
အိပ်မက်က ညတိုင်းလိုလို……
အိပ်မက်ထဲမှာ
အာဇာနည်ဝိညာဉ်တွေက
မှာတမ်းတွေ ခြွေလိုက်……
လက်ညိုးကွေးခိုင်းလိုက်……
ကတိသစ္စာတွေ ထပ်ဆိုခိုင်းလိုက်……
ချည်ဖြူမျှင်လေး ထုတ်ပြလိုက်နဲ့……။
• အိပ်ရာနိုးရင်
အိပ်မက်ရဲ့အတွေးပုံရိပ်က
လက်တွေ့ကမာ္ဘမှာ မြင်ယောင်ချင်မိ
ဆန္ဒရဲ့နောက်မှာ
အရှိတရားက အရှုံးတွေနဲ့ဆိုတော့
အိပ်မက်ထဲမှာ
အာဇာနည်ဝိညာဉ်တွေနဲ့
စကားပြောရတာ လိပ်ပြာမလုံသလိုပဲ။
• ခွင့်လွှတ်ရစ်တော့လို့ မဆိုဝံ့ဘူး……
အာဇာနည်ဝိညာဉ်တွေကို မညာရက်ဘူး……
အာဇာနည်တွေသစ္စာစကားကိုလည်း လွန်ဆန်စရာ မဟုတ်ပြန်ဘူး……
သေမထူးနေမထူး စနစ်တစ်ခုကူးဖို့ရာ
အာဇာနည်တွေသွားရာလမ်း ဆုံးခန်းတိုင်အောင် လှမ်းရမယ်။
• လက်ရှိလိပ်ပြာလေးတွေက
ပုံရိပ်အမျိုးမျိုးနဲ့ပျံဝဲလို့……
တချို့က သွေးတိုးလို့ မပျံနိုင်တော့ဘူး
တချို့က သွေးပေါင်ကျလို့ အနားတောင်း…
တချို့က စိတ္တဇနဲ့ တိမ်တွေလို လွင့်မျော…
အိပ်မက်ထဲမှာ အစီရင်ခံပြဖို့က
အာဇာနည်ဝိညာဉ်တွေ ခုံရုံးမဖွဲ့မှာ စိုးတယ်။
• အိပ်မက်ဟာ
အိပ်မက်ထဲမှာပဲ ထားရမလို……
အာဇာနည်တွေလို မရဲဝံ့တာတော့ မဟုတ်ဘူး…
ပစ်မှတ်ရှိပြီး ပစ်ကွင်းမရှိတဲ့အချိန်မှာ…
အရောင်တွေ မသဲကွဲတဲ့ကာလမှာ…
အာဇာနည်ဝိညာဉ်တွေနဲ့ပဲ စကားပြောမယ်
ပြောခွင့်လည်းရှိတယ်
အိပ်မက်ထဲမှာပေါ့……။
• တကယ်တော့ …
ပြာလည်း မတွေ့ပါဘူး…
အရိုးလည်းရှိတော့မယ် မထင်ပါဘူး…
ဒါပေမဲ့……
အားလုံးရဲ့ မျက်ဝန်းထဲမှာ
ရုပ်ပုံလွှာက မာန်အပြည့်နဲ့…
ဝိညာဉ်တွေက စကားဖောင်ဖွဲ့လို့…
” အာမခံချက် မရှိသရွေ့
ချည်ဖြူလေးကို မမေ့နဲ့…” တဲ့
နိုးတစ်ဝက် အိပ်မက်ထဲမှာ
အာဇာနည်ဝိညာဉ်တွေရဲ့ တပ်လှန့်သံက
မြစ်ဝကျွန်းပေါ်မှ အရှေ့ရိုးမတစ်ခွင်
အားလုံးနားဆင်နိုင်ပါစေ……။ ။
အမျိုးသားစသစ္စာဖြင့်
စောယောင့်သာဆဲဆန်
၁၁ •၈ •၂၀၂၁