Home သတင်း KNU နယ်‌မြေအတွင်း စစ်‌ကောင်စီတပ်များ စစ်‌ရေးလှုပ်ရှားမှု ပိုတိုးလုပ်‌ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

KNU နယ်‌မြေအတွင်း စစ်‌ကောင်စီတပ်များ စစ်‌ရေးလှုပ်ရှားမှု ပိုတိုးလုပ်‌ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

3331

ဩဂုတ် ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၏ ထိန်းချုပ်ရာ တပ်မဟာနယ်‌မြေများတွင် ယခုရက်ပိုင်းအတွင်း စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များမှ စစ်‌ရေးလှုပ်ရှားမှုများ ပိုတိုးလုပ်‌ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား‌နေ သည်ဟု ‌မြေပြင်သတင်းများအရ သိရသည်။

KNU နယ်‌မြေအတွင်းရှိ‌နေသည့် အမျိုးသား ညီညွတ်‌ရေး အစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်‌ရေးတပ် (PDF) တပ်ဖွဲ့ဝင်များကို ‌ချေမှုန်းပစ်မည်ဆိုသည့် သတင်းများထွက်‌ပေါ်‌နေစဉ် စစ်‌ကောင်စီ နှင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေဆဲ KNU ၏ တပ်မဟာ (၅) နှင့် တပ်မဟာ (၁)နယ်‌မြေအပါအဝင် လတ်တ‌လောတွင် တပ်မဟာ (၆) နှင့် တပ်မဟာ (၇) နယ်‌မြေအတွင်းလည်း စစ်‌ကောင်စီတပ်များ ပိုမိုဝင်‌ရောက်လှုပ်ရှားမှုများ ရှိ‌နေ‌ကြောင်း နယ်‌မြေခံ ‌ဒေသခံများက ‌ပြောသည်။

‌ကေအဲန်ယူ(၆)နယ်‌မြေရှိ ‌ကော့ကရိတ်‌ဒေသခံတစ်ဦးက “အခု ‌ကော့ကရိတ်ဘက်မှာ အ‌ခြေအ‌နေမ‌ကောင်းဘူး။ ကမိုင်ကုန်းဘက်မှာ စစ်‌ကောင်စီတပ်သား တစ်ရာ‌လောက် ‌ရောက်‌နေတယ်။ လှိုင်ဝဘက်မှာလည်းတစ်ဖွဲ့ ရှိ‌နေတယ်။ အဲ့လှိုင်ဝ ဘက်မှာ‌တေ့ာ ဘယ်‌လောက်ရှိလဲ‌တော့ မသိဘူး။ အခု ပစ်ခတ်မှု‌တွေ ဖြစ်‌နေကြပြီ။ သူပစ်ကိုယ်ပစ်ကြတယ်ဆို‌တော့ အလုံး‌ရေလည်း မတွက်ဆနိုင်‌တော့ဘူး။ ‌ဒေသခံ‌တွေက‌တော့ ‌ကြောက်လန့်ကြလို့ ‌ရှောင်‌နေရပြီး။”ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ထို့အပြင် စစ်‌ကောင်စီတပ်နှင့် နယ်ခြား‌စောင့်တပ် (BGF) ထိပ်ပိုင်း‌ခေါင်း‌ဆောင်များမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစည်းအ‌ဝေးပြုလုပ်ခဲ့‌ကြောင်း သတင်းများထွက်‌ပေါ်‌နေသလို လက်ရှိ တပ်မဟာ(၆) နှင့် တပ်မဟာ (၇) နယ်‌မြေ အတွင်း PDFများကို ‌ချေးမှုန်ရန် အ‌ကြောင်းပြချက်ဖြင့် စစ်‌ရေးလှုပ်ရှာမှုများ ပိုတိုးလုပ်‌ဆောင်‌နေ‌ကြောင်း ‌မြေပြင် သတင်းကို ကိုးကား၍ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) ထိပ်ပိုင်း‌ခေါင်း‌ဆောင် တစ်ဦးက ယခုလို‌ပြောသည်။

၎င်းက“လှုပ်ရှားမှုက‌တော့ များလာတာ‌ပေါ့။ သူတို့က တပ်မဟာ (၆)နဲ့ (၇)ကို PDF ‌တွေ ရှိတယ်ဆိုပြီး ‌ချေမှုန်းဖို့ရှိ တယ်လို့ ‌မြေပြင်သတင်း‌တော့ ရထားတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ လတ်တ‌လောတွင် မိုးရွာသွန်းမှုနည်းပါးလာပြီး ‌ခြောက်‌သွေ့ရာသီကူး‌ပြောင်းလာသည်နှင့်အမျှ KNU နယ်‌မြေအချို့တွင် စစ်‌ကောင်စီတပ်ဘက်မှ ‌လေယာဉ်များပျံဝဲမှုများရှိ‌နေသလို ‌မြေပြင်တွင်လည်း စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ်ဖွဲ့ဝင်များ တပ်အင်အား တိုးချဲ့ဝင်‌ရောက်လှုပ်ရှားမှုများလာသည်ဟု ‌မြေပြင် သတင်း အရင်းအမြစ်များက ဆိုသည်။

လက်ရှိ KNU နယ်‌မြေအတွင်း စစ်‌ရေးလှုပ်ရှားမှုများ ပိုတိုးလုပ်‌ဆောင်ရာတွင် စစ်‌ကောင်စီ၏ လက်‌အောက်ခံ နယ်ခြာ‌စောင့်တပ်ဖွဲ့ဝင်များပါ ပူး‌ပေါင်းပါဝင်‌နေပြီး PDF ကို အ‌ကြောင်းပြ၍ လုံခြုံ‌ရေးအရ နယ်‌မြေ‌ကျော် ဝင်‌ရောက်လှုပ်ရှားမှုများရှိလာပါက ထိပ်တိုက်ရင်ဆိုင်သွားရမည်သာဖြစ်‌ကြောင်း KNLA တပ်မှူးတစ်ဦးက ယခုလို‌ပြောသည်။

၎င်းက “အခု ဒီလူ‌တွေက သူတို့(စစ်တပ်)‌အောက်မှာ ‌နေလို့ မရ‌တော့လို့ နည်းလမ်းရှာပြီး ကျ‌နော်တို့ နယ်‌မြေထဲ ကို လာခိုလှုံကြသလို ကျ‌နော်တို့ အကူအညီကိုလည်း လိုအပ်‌နေကြတဲ့သူ‌တွေဖြစ်တယ်။ သူတို့လုံခြုံ‌ရေး အတွက် က ကျ‌နော်တို့မှာ တာဝန်လုံးလုံးကြီးရှိတာ‌ပေါ့။ သူတို့(စစ်တပ်)က‌တော့ အစီအစဉ်အတိုင်း‌တော့ ဆက်လုပ်ဖို့ ရှိမှာပဲ။ ဒါ‌ပေမဲ့ ကျ‌နော်တို့က‌တော့ ဌာနချုပ်က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အတိုင်း လုံခြုံ‌ရေးအရ နယ်‌မြေ‌ကျော်လာရင်‌တော့ စစ်‌ရေးအရ ရင်ဆိုင်ဖို့ပဲ ရှိတယ်။” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း KNU ထိန်းချုပ်နယ်‌မြေ တပ်မဟာ‌ဒေသများအနက် တပ်မဟာ (၅)နယ်‌မြေတွင် ‌နေ့စဉ် ထိ‌တွေ့ တိုက်ပွဲများ ဖြစ်ပွား‌နေသလို တပ်မဟာ (၁) ၊ တပ်မဟာ (၂)၊ တပ်မဟာ(၃) နယ်‌မြေများတွင် မကြာခဏ ထိ‌တွေ့မှုများရှိ‌နေပြီး တပ်မဟာ (၆) နယ်‌မြေတွင် ယမန်‌နေ့မှစ၍ မြဝတီမြို့နယ်၊ ‌ကော့ကရိတ်မြို့ အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မဟာ (၇)နယ်‌မြေတွင်မူ ထိ‌တွေ့မှုတစ်စုံတစ်ရာ မရှိ‌သေး‌ကြောင်း သိရသည်။