ဩဂုတ်လ ၂၃ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်ကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၁ရက်နေ့တွင် ကျိတ်စခန်းမှ ထွက်ခွာပြီးနောက် နယ်ခြားစောင့်တပ်(BGF)များက ပြန်လည် အခြေချခဲ့သည်ဟု ဒေသ ခံများထံမှ သိရှိရသည်။
KNU-ကရင်အမျိုးသားအစည်းအရုံးက BGF တပ်ဖွဲ့ ပြန်လည်အခြေချမှုအပေါ် မလိုလားသည့်အပြင် စစ်ကောင်စီ၏ လမ်းညွှန်မှုဖြင့် စစ်ရေးအရ BGF တပ်ဖွဲ့ လုပ်ဆောင်လာပါက လက်ခံနိုင်ခြင်းမရှိကြောင်း KNU ဒူးပလာယာခရိုင်၏ အတွင်းရေးမှူးဖြစ်သူ ပဒိုစောလစ္စတန်က ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “အဲ့ဒါကတော့ ခွင့်ပြုလို့ ဘယ်ဖြစ်မလဲ။ ဘာဖြစ်လို့လဲဆိုတော့ BGF ဆိုတာကလည်း စစ်ကောင်စီရဲ့ထိန်းချုပ်မှု အာဏာလက်အောက်မှာပဲ သူတို့လှုပ်ရှားတာဖြစ်တဲ့အတွက်တော့ ကျနော်တို့နဲ့ကတော့ အပြည့်အဝကြီး သဟဇာတ ဖြစ်မှာတော့ မဟုတ်ဘူး။ သူတို့အနေနဲ့ကတော့ ညီအစ်ကိုလို သွေးသားလို ဆက်ဆံတဲ့သဘောတော့ ရှိတယ်ပေါ့နော်။ သို့သော်လည်း သူတို့လာတပ်စွဲမယ်ဆိုရင်တော့ လက်ခံဖို့အကြောင်း မရှိပါဘူးလေ။ အဲ့လို လာယူမယ်ဆိုလည်းပဲ နောက်ကနေပြီးတော့ စစ်တပ်ရဲ့ ညွှန်ကြားမှုအောက်ဖြစ်တဲ့ အလုပ်မျိုးဆိုရင်တော့ ကျနော်တို့ကတော့ စစ်ရေးအရ လှုပ်ရှားမှုမျိုးကိုတော့ လက်မခံနိုင်ဘူးလေ။”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ ၎င်းတို့၏ ကျိတ်စခန်းမှ ဆုတ်ခွာပြီးနောက်တွင် ဒူးပလာယာခရိုင်၊ တပ်မဟာ-၆ ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၈)က ဦးဆောင်မှုဖြင့် ၎င်းစခန်းကို ရှင်းလင်းလိုက်ခြင်းကို စစ်ကောင်စီ က လက်မခံနိုင်ကြောင်း သိရသည်ဟုလည်း စောလစ်စတန်မှ ဆက်ပြောသည်။
ကျိတ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့စခန်းစွန့်ခွာသည့် ဩဂုတ်လ ၂၁ရက် ညတွင်ပင် နယ်ခြားစောင့် တပ်-BGF မှ အင်အား ၃၀ကျော် ပြန်လည်အခြေချလျှက်ရှိပြီးနောက် ကျိုက်ဒုံမြို့အထိသာ စွန့်ခွာသွားသည့် စစ်ကောင် စီတပ်ဖွဲ့ကလည်း စစ်ရေးအရ လှုပ်ရှားလာနေပြီဖြစ်ကြောင်း သိရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “BGF ကတော့ အဲ့နေရာမှာပဲ ပြန်လာနေတာပေါ့။ အယောက် ၃ဝ တော့ကျော်တယ်။ သူတို့ပြန်လာတာက စစ်တပ်ကထွက်သွားပြီး ညမှာပဲ ပြန်လာတယ်။ သူတို့ကတော့ အေးဆေးပဲပေါ့ နော်။ အခုဆိုလို့ရှိရင် ရွာမှာလည်း အခြေအနေမကောင်းဘူး။ စစ်တပ်ကလည်း ပြန်လာမယ် ကြားတယ်။ စစ်တပ်က တော့ ရောက်တော့မရောက်သေးဘူး။ တကယ်လို့ ထိပ်တိုက်တွေ့ရင်တော့ ပစ်မှာပဲလို့ ပြောတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ဒေသခံများအနေဖြင့် ယခုလို စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြပြီး KNU နှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုရှိလာပါက ကျိတ်စခန်းအနီးအနားရှိ နေအိမ်များနှင့် ရွာခံပြည်သူ များ ရှောင်တိမ်းပေးကြရန် ကျေးရွာတာဝန်ရှိသူများကို ကြိုတင်အသိပေးထားကြောင်း အဆိုပါဒေသခံက ပြောသည်။
ယခုလက်ရှိတွင် စစ်ကောင်စီတပ်များ ကော့ကရိတ်တောင်ဘက်ပိုင်း ကမိုင်ကုန်းကျေးရွာတွင် အင်အား ၁၀၀ကျော်နှင့် ကျိုက်ဒုံမြို့နယ်၊ ဝက်တခုံကျေးရွာတွင်လည်း စစ်ကောင်စီတပ်များ နေရာယူ ရောက်ရှိနေပြီး နောက်ဆုံးသိရှိချက်အရ ပစ်ခတ်မှု ဖြစ်ပွားနေပြီးဖြစ်ကြောင်း သိရသည်။



















