Home သတင်း KNU ကွန်ဂရက်‌ရွှေ့ဆိုင်းမှုအ‌ပေါ် ချပြရှင်းလင်းသင့်ဟု ရှုမြင်သုံးသပ်မှုများရှိ‌နေ

KNU ကွန်ဂရက်‌ရွှေ့ဆိုင်းမှုအ‌ပေါ် ချပြရှင်းလင်းသင့်ဟု ရှုမြင်သုံးသပ်မှုများရှိ‌နေ

3114

ဩဂုတ် ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ယခုနှစ်ဇွန်လတွင် ကျင်းပရန် လျာထားသည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇) ကြိမ် ‌မြောက်ကွန်ဂရက် (ညီလာခံ)ကို လတ်တ‌လောဖြစ်‌ပေါ်‌နေသည့် မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်‌ရောဂါကူးစက်ဖြစ်ပွားမှုအ‌ခြေအ‌နေများ‌ကြောင့် ကွန်ဂရက်ကို မကျင်းပနိုင်‌သေးဘဲရက်‌ရွှေ့ဆိုင်း‌နေရသည်။

စစ်အာဏာသိမ်းမှု‌နောက်ပိုင်း ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေတချို့တွင် စစ်‌ကောင်စီတပ်နှင့် ကရင် လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလာသည့်အတွက် တပ်မဟာအလိုက် ‌ခေါင်း‌ဆောင်များ၊ ကိုယ်စားလှယ်များ ညီလာခံတက်‌ရောက်ရန် အခက်အခဲရှိ ‌နေသလို ကိုဗစ်ကပ်‌ရောဂါ‌ကြောင့် လမ်း‌ကြောင်းပိတ်ဆို့မှုများရှိ‌နေသည့်အတွက် ကွန်ဂရက်ကို ‌ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်ဟု ၁၇ ကြိမ်‌မြောက် ကွန်ဂရက်ဖြစ်‌မြောက်‌ရေး ‌ကော်မတီတာဝန်ရှိသူများက ‌ပြောသည်။

ကွန်ဂရက်ဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင် KNU ၏ တွဲဘက် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး (၁) ပဒို‌စော ဆဲပွယ်က “ဇွန်လမှာ လုပ်သွားဖို့ ကျ‌နော်တို့ လျာထား‌ပေမဲ့ မတ်လမှာ တပ်မဟာ ၅၊ တပ်မဟာ ၃ ၊ တပ်မဟာ ၁ မှာ တိုက်ပွဲ‌တွေ ပြန်ဖြစ်လာတာရှိတယ်။ ‌မေလဆန်းပိုင်း၊ ဧပြီလအကုန်မှာဆိုရင်လည်းပဲ တိုက်ပွဲဖြစ်တယ်။ ‌လေယာဉ်လာပြီး ဗုံးကြဲမှု‌တွေရှိတယ်။ ပြည်သူလူထု‌တွေ ထွက်‌ပြေးတိမ်း ‌ရှောင်ခဲ့ကြရတယ်။ မြို့ကို လာမယ့်လမ်း‌ကြောင်းကလည်း သိပ်လွယ် တာမဟုတ်ဘူး။ ‌ရေ‌ကြောင်း လမ်းကိုလည်း ပိတ်ထားရတဲ့အတွက်‌ကြောင့် သွား‌ရေးလာ‌ရေး မလွယ်ကူတဲ့အတွက် ကျ‌နော်တို့ ‌ရွှေ့လိုက်တာဖြစ်ပါတယ်။ ”ဟု ‌ပြောသည်။

‌ကေအဲန်ယူ‌ခေါင်း‌ဆောင်အများစုသည် ကွန်ဂရက်ကို ကျင်းပသွားလိုကြပြီး လက်ရှိတွင် ကွန်ဂရက်ကျင်းပနိုင်မည့်ရက်ကို အတိအကျသတ်မှတ်၍ မရ‌သော်လည်း အ‌ခြေအ‌နေ‌ပေါ်မူတည်၍ ကွန်ဂရက်ကို ကျင်းပနိုင်ရန် ကြိုးပမ်းလုပ်‌ဆောင်သွားမည်ဟုလည်း ပဒို‌စောဆဲပွယ်က ဆက်‌ပြော သည်။

“အကြီးမားဆုံး အခက်အခဲက သွား‌ရေးလာ‌ရေးဖြစ်တယ်။ ‌ရောက်လာပြီဆိုရင် ‌နေဖို့ထိုင်ဖို့လား၊ စားဖို့‌သောက်ဖို့လား၊ စာရွက်စာတမ်း‌တွေလား ဒါ‌တွေကို ကျ‌နော်တို့ ကြိုတင်ပြင်ဆင်ထားတာ ရှိပါတယ်။ အ‌ရေးကြီးဆုံးက လူ‌တွေ‌ရောက်ရှိလာဖို့ပါပဲ။ လုံခြုံ‌ရေးနဲ့ သွားလာ‌ရေး လမ်း‌ကြောင်း‌ကြောင့်ပဲဖြစ်တယ်။ အဲဒါ‌ကြောင့် လူ‌တွေ‌ရောက်ရှိလာပြီဆိုရင် စကျင်းပလို့ရပါပြီ။”ဟု ပဒို‌စောဆဲပွယ်က ထပ်‌လောင်း‌ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇) ကြိမ်‌မြောက် ကွန်ဂရက် မကျင်းပနိုင်‌သေးသည့် အ‌ခြေအ‌နေနှင့်ပတ်သက်၍ KNU တာဝန်ရှိသူများအ‌နေဖြင့် တရားဝင် ရှင်းလင်းချပြအသိ‌ပေးခြင်းမျိုး မရှိ‌သေးသည့်အ‌ပေါ် ပြည်တွင်း၊ ပြည်ပရှိ ကရင်ပြည်သူအချို့က ‌မေးခွန်းထုတ် ‌ဝေဖန်‌ထောက်ပြမှုများလည်းရှိ‌နေသည်။

ထိုအ‌ပေါ်တွင် ယခုလို ကွန်ဂရက် ‌ရွှေ့ဆိုင်းမည်ဆိုပါက ‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံအရ ချမှတ်ထားသည့် လမ်းညွှန်ချက်အတိုင်း ရှင်းလင်းချပြမှုများလုပ်‌ဆောင်သွားမည်ဆိုလျှင် ပိုမို‌ကောင်းမွန်မည်ဟု အချို့က ရှုမြင်သုံးသပ်မှုများရှိကြသည်။

ကရင့်နိုင်ငံ‌ရေး‌လေ့လာသုံးသပ်သူ ‌စောကပိက “ကျင်းပဖို့ မဖြစ်နိုင်‌သေးတဲ့အ‌ခြေအ‌နေမှာဆိုရင် Emergency Situation ပဲဖြစ်ဖြစ်၊ Exceptional situation ပဲဖြစ်ဖြစ်‌ပေါ့‌နော်။ ဘယ်လို၊ ဘယ်ပုံလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး လမ်းညွှန်‌ပေးတဲ့ မူဝါဒတစ်ခုရှိဖို့လိုတယ်။ ကွန်ဂရက်မ လုပ်ဖြစ်ရင် ပြည်သူလူထု‌တွေကို အသိ‌ပေးရမယ်။ အဖွဲ့ဝင်‌တွေကို အသိ‌ပေး‌ဆောင်ရွက်တာ‌တွေ စတဲ့အချက်‌တွေ ရှိသင့်တယ်။ ရှိထားပြီးသားလားဆိုတာက‌တော့ ကျ‌နော် အတိအကျ ‌ပြောလို့မရဘူး။ မရှိ‌သေးဘူးဆိုရင် ရှိသင့်တယ်။ ”ဟု သုံးသပ်‌ပြောဆိုသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအရ ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့် ကွန်ဂရက် ကို ၄ နှစ်တစ်ကြိမ်နှင့် ‌ကျေးရွာအုပ်စုအဆင့်ကို ၂ နှစ်တစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။

နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် စစ်‌ရေးပဋိပက္ခအ‌ခြေအ‌နေများ‌ကြောင့် ကွန်ဂရက်ကို ကျင်းပချိန် တန်သည့် ကာလထက် ‌နောက်ထပ် ၁ နှစ်မှ ၂ နှစ်အထိ ဗဟိုအမြဲတမ်း‌ကော်မတီဝင်များ၏ ၇ဝ ရာခိုင်နှုန်း ‌ထောက်ခံမှုဖြင့် ‌ရွှေ့ဆိုင်းနိုင်သည်ဟု KNU၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတွင် ပြဋ္ဌာန်းထားသည်။

“အဖွဲ့အစည်း‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ သူ့တို့အစီအစဉ်နဲ့ပတ်သက်ပြီး ပြည်သူလူထု‌တွေကို‌တော့ အသိ‌ပေးဖို့လိုအပ်ပါတယ်။ အဲဒါမှသာ ပြည်သူလူထု‌တွေကြားမှာ ဇ‌ဝေဇဝါဖြစ်တဲ့ဟာ‌တွေ၊ စိုးရိမ် စိတ်‌တွေ မရှိလာမှာဖြစ်ပါတယ်။ ရှိလာရင်‌တောင်မှ ‌လျော့နည်းလာပါလိမ့်မယ်ဆိုတာကို‌တော့ ‌ပြောနိုင်ပါတယ်။” ဟု ‌စောကပိက ဆက်‌ပြောသည်။

လတ်တ‌လောအ‌ခြေအ‌နေတွင် ကွန်ဂရက်မကျင်းပနိုင်ခြင်းကို နားလည်နိုင်‌သော်လည်း ယခုလို အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ကွန်ဂရက်ကျင်းပရန် အချိန်သတ်မှတ်၍ ဖြစ်‌စေ၊ အချိန်‌ရွှေ့ဆိုင်း၍ ဖြစ်‌စေ ပြည်သူလူထုကို ‌သေချာစွာ ရှင်းလင်းချပြရန်လိုအပ်သည်ဟုလည်း ကရင်လူမှု အဖွဲ့အစည်း ‌ခေါင်း‌ဆောင်များက ရှုမြင်ကြသည်။

ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက်မှ ‌နော်ဝါးခူရှီးက “ကွန်ဂရက်‌ရွှေ့တဲ့အ‌ကြောင်း အရင်းကို ပြည်သူလူထုကို ‌သေ‌သေချာချာ အသိ‌ပေးသင့်ပါတယ်။ အားလုံးက ‌ကေအဲန်ယူရဲ့ ‌ရွေး‌ကောက်ပွဲကို စိတ်လှုပ်ရှားစွာနဲ့ ‌စောင့်ကြည့်‌နေကြတယ်။ ‌နောက်တစ်ခုက ပြည်သူလူထု‌တွေကို အသိ‌ပေးတာ‌တွေမရှိဘူး။ ကျမတို့လည်းပဲ ခန့်မှန်းလို့မရဘူး။ အချိန်သတ်မှတ်တာပဲဖြစ်ဖြစ်၊ အချိန်‌ရွှေ့ဆိုင်းတာဖြစ်ဖြစ် ပြည်သူလူထု‌တွေကို ‌သေ‌သေချာချာ ရှင်းလင်းချပြဖို့လိုတယ်။ ”ဟု ‌ပြောသည်။

‌ကေအဲန်ယူ‌ခေါင်း‌ဆောင်တာဝန်ရှိသူများအ‌နေဖြင့် ကွန်ဂရက်‌ရွှေ့ဆိုင်းမည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထုများအား ‌သေချာချပြရှင်းလင်းမှုများ မလုပ်‌ဆောင်ပါက ‌ခေါင်း‌ဆောင်မှုအပိုင်းတွင် အထင်အမြင်လွဲမှားမှုများဖြစ်‌ပေါ်လာ‌စေနိုင်သည်ဟု ‌နော်ဝါးခူရှီးက ‌ထောက်ပြ‌ပြောဆိုသည်။

လတ်တ‌လော နိုင်ငံ‌ရေးအကြပ်အတည်းနှင့် ကိုဗစ်ကပ်‌ရောဂါအ‌ခြေအ‌နေ‌ကြောင့် ၁၇ ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက် မကျင်းပနိုင်ခဲ့‌သော်လည်း အ‌ခြေအ‌နေ‌ပေးလာပါက ကျင်းပ‌ပေးနိုင်ရန် လိုအပ်သည်ဟု ပြည်တွင်းနိုင်ငံ‌ရေး‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ကရင်အမျိုးသားပါတီ (KNP)ပါတီ အတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက ‌ပြောသည်။

“အ‌ခြေအ‌နေ‌ပေးလာပြီဆိုရင်‌တော့ ပြန်လုပ်မှဖြစ်မယ်။ ဘာဖြစ်လို့လဲဆို‌တော့ ၄ နှစ်တစ်ကြိမ်၊ ၅ နှစ်တစ်ကြိမ် လုပ်ရမယ့်အလုပ်‌တွေကို ဒီ‌ရောဂါ‌တွေ‌ကြောင့် အချိန်‌ရွှေ့လိုက်ရ‌ပေမဲ့ လုပ်လို့ရတဲ့ အချိန်ကျရင်‌တော့ လုပ်ရမှာပဲ။ မဟုတ်ရင် လုပ်ငန်းစဉ်‌တွေကို ပုံမှန်မသွားနိုင်ဘဲဖြစ် သွားမယ်။ အဲဒါ‌ကြောင့် ဒီ‌ရောဂါအ‌ခြေအ‌နေရဲ့ လုပ်နိုင်ပြီဆိုရင်‌တော့ ပြန်လုပ်ဖို့‌တော့လိုတယ်လို့ ကျ‌နော်မြင်တယ်။” ဟု မန်း‌ကျော်ငြိမ်းက အကြံပြု‌ပြောဆိုသည်။

၁၆ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်ကို ၂၀၁၇ခုနှစ်က ဖားအံခရိုင် ဌာနချုပ်၊ ‌လေးဝါးတွင် ကျင်းပခဲ့ကြပြီး ဗဟိုအမြဲတမ်း‌ကော်မတီကို မူလ ၄၅ဦးမှ တိုး၍ ၅၅ဦးအထိ ‌ရွေးချယ်တင်‌မြှောက်ခဲ့ ကြသည်။