Home သတင်း ကွင်းက‌လေး(ယွာဖိုး)တွင် စစ်‌ကောင်စီတပ်နှင့် KNLA တပ်မဟာ (၆)ကြား တိုက်ပွဲ ဖြစ်ပွား

ကွင်းက‌လေး(ယွာဖိုး)တွင် စစ်‌ကောင်စီတပ်နှင့် KNLA တပ်မဟာ (၆)ကြား တိုက်ပွဲ ဖြစ်ပွား

1511

ဩဂုတ် ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကွင်းက‌လေး(ယွာဖိုး)‌ကျေးရွာတွင် ယ‌နေ့ ဩဂုတ် ၂၃ရက်၊ မွန်းလွဲ ၂ နာရီ‌ကျော် အချိန်က ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) တပ်မဟာ ၆ တပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွား‌နေသည်ဟု သိရသည်။

အဆိုပါ စစ်‌ကောင်စီတပ်များသည် ပြီးခဲ့သည့် ၂၁ရက်‌နေ့ နံနက်က ၎င်းတို့စွန့်ခွာခဲ့သည့် ကျိတ်တပ်စခန်းတွင် ပြန်လည်အ‌ခြေချ‌နေထိုင်ရန် ပြန်လှည့်လာရာတွင် နယ်‌မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် ထိ‌တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံရွာသားများက ‌ပြောဆိုကြသည်။

“ ဖြစ်တာက ကွင်းက‌လေးရွာ၊ ယာအိန်းချိုင့်အပိုင်းဘက်မှာဖြစ်တာ။ လက်နက်ကြီး ၄ချက် ကြားလိုက်တယ်။ လက်နက်ငယ်‌တွေလည်း ပစ်ခတ်ကြတယ်။ ဆယ်မိနစ်‌ကျော်‌ကျော်‌လောက်ပဲဖြစ်တယ်။ အခု‌တော့ ပြန်ငြိမ်သွားတယ်။ အားလုံးက‌တော့ စိုးရိမ်တကြီးနဲ့ပဲ”ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ‌ပြောသည်။

ကွင်းက‌လေး‌ကျေးရွာသည် ကျိုက်ဒုံနှင့် ‌ကော့ကရိတ်ကို ဆက်သွယ်ထား‌သော လမ်းမနံ‌ဘေးတွင် တည်ရှိသည့်‌ကျေးရွာတစ်ရွာဖြစ်သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး‌နောက် ကွင်းက‌လေး‌ကျေးရွာနှင့် အနီးအနားရှိ ဝက်တခုံ‌ကျေးရွာရှိ လူငယ်‌ယောက်ျားများကို စစ်‌ကောင်စီမှ ‌ပေါ်တာဖမ်းမှုများရှိသည့်အတွက် ‌ဒေသခံလူငယ်များမှာ ‌ရှောင်တိမ်း‌နေကြရသည်ဟု ‌ဒေသခံများက ‌ပြောသည်။