Home သတင်း မယ်လအူးနှင့် မယ့်ရာမိုဒုက္ခသည်စခန်း ၂ခုမှ ကျန်းမာ‌ရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်‌ဆေး စတင် ထိုးနှံ‌ပေး

မယ်လအူးနှင့် မယ့်ရာမိုဒုက္ခသည်စခန်း ၂ခုမှ ကျန်းမာ‌ရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်‌ဆေး စတင် ထိုးနှံ‌ပေး

1738
Photo-TBC (Mae La Oon camp)

ဩဂုတ် ၂၃ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မယ်‌ဟောင်‌ဆောင်ခရိုင်အတွင်းရှိ မယ်လအူးနှင့် မယ့်ရာမိုဒုက္ခသည်စခန်း ၂ခုတွင် စခန်းထဲမှ ကျန်းမာ‌ရေး ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်‌ဆေး စတင် ထိုးနှံ‌ပေး‌နေပြီဖြစ်‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီထံမှ သိရသည်။

၎င်းကာကွယ်‌ဆေးကို ဒုက္ခသည်စခန်းတွင် လူထုအတွက် ကျန်းမာ‌ရေးဝန်‌ဆောင်မှုများ လုပ်‌ပေးလျှက်ရှိသည့် ကျန်းမာ ‌ရေးဝန်ထမ်းများကိုသာ အရင်ဦးစား‌ပေးထိုး‌ပေးခြင်းဖြစ်ပြီး ဩဂုတ်လ ၂၁ရက်‌နေ့တွင် မယ်လအူးစခန်း၌လည်း‌ကောင်း၊ ဩဂုတ်လ ၂၂ရက်‌နေ့တွင် မယ်ရာမိုစခန်း၌လည်း‌ကောင်း စတင်ထိုး‌ပေး‌နေပြီဖြစ်သည်ဟု ဒုက္ခသည်အ‌ရေးကူညီ‌ဆောင် ရွက်‌ပေးသူများ၏ ‌ပြောပြချက်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်းများအနက် လက်ရှိအချိန်တွင် အဆိုပါစခန်းနှစ်ခုတွင်သာ ကျန်းမာ ‌ရေးဝန်ထမ်းများ ကိုဗစ်ကာကွယ်‌ဆေး ထိုး‌ပေးပြီး‌သော်လည်း အခြားဒုက္ခသည်စခန်းရှိ ကျန်းမာ‌ရေးဝန်ထမ်းများအား မည်သည့်အချိန်တွင် ထိုးသွား‌ပေးမည်ကိုမူ မသိရှိရ‌သေး‌ကြောင်း ကရင်ဒုက္ခသည်များ‌ကော်မတီ-KRC ၏ အတွင်း‌ရေး မှူး ‌စောပွယ်‌စေးက ‌ပြောသည်။

‌စောပွယ်‌စေးက “အခုတစ်‌ခေါက်က သူတို့က ကျန်းမာ‌ရေးဝန်ထမ်း‌တွေကိုပဲ အဓိကထား ဦးစား‌ပေးထိုး‌ပေးတာ‌ပေါ့။ ဘာဖြစ်လဲဆို‌တော့ ကျန်းမာ‌ရေးဝန်ထမ်း‌တွေက တစ်ခုခုဖြစ်ရင် ‌ရှေ့က‌နေ လုပ်‌ပေး‌နေရတယ်ဆို‌တော့ ကာကွယ်တဲ့အ ‌နေနဲ့ သူတို့ကို အရင်ဦးစား‌ပေး ထိုး‌ပေးတာဖြစ်တာ‌ပေါ့။ စခန်း‌ကော်မတီဝင်‌တွေ၊ စခန်းမှာရှိတဲ့လူထု‌တွေကို‌တော့ မထိုး ‌ပေးရ‌သေးဘူး။ ထိုးတယ်ဆိုတာကလည်း ထိုးချင်တဲ့စိတ်ရှိမှ ထိုး‌ပေးတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းဒုက္ခသည်စခန်းနှစ်ခုတွင် ထိုး‌ပေးသည့် အဆိုပါ ကိုဗစ်ကာကွယ်‌ဆေးမှာ EU မှလာသည့် ကာကွယ်‌ဆေး အမျိုးအ စားဖြစ်သည်ဟု သိရှိရပြီး ဒုက္ခသည်များအတွက် ကျန်းမာ‌ရေးဆိုင်ရာ ကူညီ‌ဆောင်ရွက်‌ပေး‌နေသည့် AMI အဖွဲ့က ထိုး‌ပေးခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မယ်လအူးစခန်းရှိ ကျန်းမာ‌ရေးဝန်ထမ်း (၁၈၆)ဦးကို ကာကွယ်‌ဆေး ထိုး‌ပေးပြီးဖြစ်သည့်အတွက် ကျန်ရှိသည့် စခန်းအတွင်းရှိ ‌နေထိုင်သူအားလုံးကိုလည်း ထိုးခွင့်ရ‌စေချင်‌ကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းများ၌လည်း လတ်တ‌လောအချိန်တွင် ကိုဗစ်ကူးစက်မှုများလာသည့်အပြင် မယ်လအူးနှင့် မယ့်ရာမိုဒုက္ခသည်စခန်း အပြင်ဘက်ရှိ ‌ကျေးရွာများတွင်လည်း ကိုဗစ်ကူးစက်မှုများရှိ‌နေသည့်အတွက် ဒုက္ခသည်စခန်းများ၏ အဝင်အထွက်မှာ ပိုမိုတင်းကြပ်လာ‌ကြောင်း ၎င်းစခန်း များတွင် ‌နေထိုင်သူ စခန်းသူစခန်းသားများက ‌ပြောဆို‌နေကြသည်။

မယ်လအူးစခန်း တာဝန်ခံတစ်ဦးက “ကျ‌နော်တို့‌နေတဲ့စခန်းမှာ အခု စည်းကမ်းချက်တစ်ခု တိုးလာတာက ရပ်ကွက် တစ်ခုနဲ့တစ်ခု ဖြတ်‌ကျော်လို့ မရဘူး။ တကယ့်လို့ မသွားမဖြစ် သွားရမယ်ဆိုရင် အကာအကွယ် ပြည့်ပြည့်စုံစုံနဲ့ သွားရ တာ‌ပေါ့။ ဘာဖြစ်လို့ပြန်ကြပ်လဲဆိုရင် မယ်လအူးစခန်းနားက မာအိုးလူးရွာမှာ ကူးစက်မှုများတယ်ဆို‌တော့ အဲဒီရွာမှာ သွားတဲ့လူ‌တွေကိုလည်း အကုန် lock down ၁၄ရက် ချတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်၏ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ကရင်ဒုက္ခသည်စခန်း ၇ခု၊ ကရင်နီဒုက္ခသည်စခန်း ၂ခု စုစု‌ပေါင်းစခန်း ၉ခုရှိပြီး လက်ရှိအချိန်တွင် လူဦး‌ရေ ၉‌သောင်း‌ကျော် ခိုလှုံ‌နေထိုင်လျက်ရှိကာ ထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်မှု တတိယ လှိုင်းပြန်ဖြစ်လာချိန်တွင် စခန်းအချို့၌လည်း ကိုဗစ်ကူးစက်မှုရှိ‌သော‌ကြောင့် အဆိုပါစခန်းအားလုံး အဝင်အထွက်ကို ထိုင်းအာဏာပိုင်ဘက်မှ ထပ်မံ တင်းကြပ်လိုက်ခြင်းဖြစ်သည်။