Home သတင်း ‌ကော့ကရိတ်အနီးတွင် စစ်‌ကောင်စီတပ်နှင့် KNLA တပ်မဟာ (၆)ကြား တိုက်ပွဲ စတင်ဖြစ်ပွား

‌ကော့ကရိတ်အနီးတွင် စစ်‌ကောင်စီတပ်နှင့် KNLA တပ်မဟာ (၆)ကြား တိုက်ပွဲ စတင်ဖြစ်ပွား

1470

ဩဂုတ် ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့‌တောင်ဘက် ကမိုင်ကုန်း‌ကျေးရွာဘက်တွင် ယ‌နေ့ ဩဂုတ် ၂၃ရက်၊ မွန်းလွဲ ၁ နာရီ‌ကျော်အချိန်က ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA)နှင့် စစ်‌ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲ စတင်ဖြစ်ပွား‌နေသည်ဟု သိရသည်။

ရာနှင့်ချီသည့် စစ်‌ကောင်စီတပ်နှင့် နယ်ခြား‌စောင့်တပ် (ဘီဂျီအက်ဖ်) တပ်ဖွဲ့ဝင် များသည် ယမန်‌နေ့ညကတည်းက ကမိုင်ကုန်း‌ကျေးရွာတွင် ဝင်‌ရောက် ‌နေရာယူထားပြီး‌နောက် ယခုလို တိုက်ပွဲ စတင်ဖြစ်ပွားလာခြင်းဖြစ်သည်။

“ပထမ လက်နက်ကြီး ၃ ချက်ပစ်တယ်။ ပြီး‌တော့ လက်နက်ကြီး လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်တယ်။ ကမိုင်ကုန်းနဲ့ အံဖကြီး‌လေးကြားမှာ ဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်ကြတယ်။ ဘယ်သူက အရင်ပစ်လိုက်သလဲ‌တော့ မသိဘူး။” ဟု ‌ဒေသခံ အမျိုးသမီးတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ပစ်ခတ်မှုများ‌ကြောင့် ‌ဒေသခံပြည်သူများမှာ စိုးရိမ်‌ကြောက်လန့်ကြ၍ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသူများရှိသလို ‌နေအိမ်တွင် တူးထားသည့် ဗုံးခိုကျင်းထဲတွင် ဝင်‌ရောက်ခိုလှုံ‌နေကြသူများလည်းရှိသည်။