Home သတင်း ‌ဝေါ်‌လေတွင် စစ်‌ကောင်စီတပ်ဖွဲ့များက ကိုဗစ်အ‌ကြောင်းပြ၍ ‌ဒေသခံများထံ ‌ငွေ‌ကြေး‌တောင်းခံမှု ပြုလုပ်‌နေ

‌ဝေါ်‌လေတွင် စစ်‌ကောင်စီတပ်ဖွဲ့များက ကိုဗစ်အ‌ကြောင်းပြ၍ ‌ဒေသခံများထံ ‌ငွေ‌ကြေး‌တောင်းခံမှု ပြုလုပ်‌နေ

3064
Photo: CJ

ဇူလိုင် ၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ‌ဝေါ်‌လေ‌ဒေသတွင် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များစု‌ပေါင်း၍ လမ်း သွားလမ်းလာကားများကို တားမြစ်စစ်‌ဆေးပြီး ကိုဗစ်အ‌ကြောင်းပြ၍ ‌ငွေ‌ကြေး‌တောင်းခံမှုများ ပြုလုပ်‌နေ‌ကြောင်း ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ဇူလိုင်လ ၁ ရက်‌နေ့မှစ၍ ဗိုလ်ကြီး ရဲရင့်ပုံ ဦးစီးသည့် စစ်‌ကောင်စီတပ်မှ ‌ခြေမြန်တပ်ရင်း (ခမရ-၅၅၆) တပ်ဖွဲ့ဝင်များနှင့် ‌ဝေါ်‌လေ ရဲစခန်းမှူး လမင်းထွန်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် ‌ဝေါ်‌လေရဲစခန်းအနီးရှိ လမ်းဂွတွင် ‌နေရာယူ၍ လမ်းသွားလမ်းလာကားများကို တားမြစ်ကာ ကိုဗစ်အ‌ကြောင်းပြပြီး စာရွက် စာတမ်းများ စစ်‌ဆေးကာ ‌ငွေ‌ကြေး‌တောင်းခံမှုများပြုလုပ်‌နေသည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ယခုလို‌ပြောသည်။

“ဒီ‌နေ့ ‌ဈေးသွားဝယ်‌တော့ သူတို့က ကိုဗစ်စစ်‌ဆေးတဲ့ ပုံစံမျိုးနဲ့ ‌စောင့်‌နေကြတာ။ ဒါ‌ပေမဲ့ အဲ့ကို‌ရောက်‌တော့ ကား‌ပေါ်က ဆင်းခိုင်းတယ်၊ လက်‌ဆေးခိုင်းတယ်။ ပြီး‌တော့ ကားအတွက် စာရွက်စာတမ်း‌ရေးရမယ်ဆိုပြီး ‌ပြောတယ်။ အဲ့စာရွက်အတွက် ဘတ် ၃၅ဝ ဆိုပြီး‌ပေးရတယ်။ ဒါ‌ပေမဲ့ အဖွဲ့အစည်းကားမျိုးဆိုရင်‌တော့ သူတို့ အလုပ်ရှုပ်မခံဘူး မ‌တောင်းဘူး။ ဒါ‌ပေမဲ့ သာမန်‌ဒေသခံ‌တွေဆိုရင် စာရွက်ထုတ်ခိုင်းတယ်။ ပိုက်ဆံ‌တောင်းတယ်။ ပြီးရင်‌ပြော‌သေးတယ် ဒီစာရွက်နဲ့ဆိုရင် ရန်ကုန်အထိ‌တောင် သွားလို့ရတယ်ဆိုပြီး ‌ပြောတယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထို့အပြင် အဆိုပါ ကိုဗစ်အ‌ကြောင်းပြ တားမြစ်စစ်‌ဆေး‌သော်လည်း ကိုဗစ်‌ရောဂါ ကာကွယ်ထိန်းချုပ်မှု စည်းမျဉ်း စည်းကမ်းများနှင့်အညီ အပူချိန်တိုင်းခြင်းမျိုး စနစ်တကျ မပြုလုပ်ဘဲ လက်ကိုသာ‌ဆေးခိုင်းပြီး ကားစာရွက် စာတမ်းများ ‌တောင်းယူစစ်‌ဆေးကာ စာရွက်တစ်ရွက်ထုတ်‌ပေး၍ ‌ငွေ‌ကြေး‌တောင်းခံခြင်းမျိုးဖြစ်ပြီး ထိုသို့ ပြုလုပ်ရန်အတွက် ကြိုတင်အသိ‌ပေးခြင်းမျိုး၊ ကိုဗစ်ကာကွယ်‌ရေးနှင့်ပတ်သက်ပြီး အသိ‌ပေး‌ကြေညာခြင်းမျိုး မရှိ‌ကြောင်းလည်း ‌ဒေသခံများက ဆိုသည်။

အဆိုပါ ‌ငွေ‌ကြေး ‌တောင်းခံရသူ အများစုသည် ‌ဝေါ်‌လေ‌ကျေးရွာအနီးဝန်ကျင်မှ ‌ဒေသခံများဖြစ်ပြီး ၎င်းတို့ အ‌နေဖြင့် လက်ရှိ ကိုဗစ်ဖြစ်ပွားမှုမြှင့်တက်‌နေသည့် မြို့‌ပေါ်‌ဒေသသို့ သွားလာခြင်းမျိုးမဟုတ်ဘဲ နီးစပ်ရာ ‌ဝေါ်‌လေ ‌ကျေးရွာတွင် စာနပ်ရိက္ခာများ ဝယ်ယူစား‌သောက်ရန်သာ လာ‌ရောက်ကြခြင်းဖြစ်‌ကြောင်း နှင့် ယခုလို ကိုဗစ် အ‌ကြောင်းပြ ‌ငွေ‌ကြေး‌တောင်းခံမှုမျိုးကို ယခင်က ကြုံ‌တွေ့ရခြင်းမျိုးမရှိကြ‌ကြောင်းလည်း ‌ဒေသခံများ က ‌ပြောပြီး ယခုလုပ်ရပ်မျိုးသည် မတရားသဖြင့် အတင်းအဓမ္မ ‌ငွေ‌ကြေး‌တောင်းခံခြင်းမျိုးဖြစ်သည်ဟု ဆိုကြသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ‌ဒေသခံများက သက်ဆိုင်ရာ နယ်‌မြေခံ ကရင်အမျိုးသားအစည်းအရုံး-KNU သို့ အသိ‌ပေးတိုင်ကြားခြင်းမျိုးရှိပြီး KNU အ‌နေဖြင့် ၎င်းကိစ္စရပ်အ‌ပေါ် ‌ဒေသခံများ၏ ဆန္ဒအတိုင်း ‌ဖြေရှင်း‌ပေး သွားမည်ဖြစ်‌ကြောင်းလည်း ‌ကေအိုင်စီသို့‌ပြောသည်။

Photo: CJ

“ဒီလို လုပ်ရပ်မျိုးက ‌ဒေသခံ ပြည်သူ‌တွေရဲ့ သွားလာမှု ကို အ‌နှောင့်အယှက်‌ပေးတာပဲ။ သူတို့က‌တော့ ကျ‌နော် တို့ကို အသိ‌ပေးလာတယ်။ ပြီး‌တော့ ဒါကို သတင်းမှာတင်မယ်ဆိုပြီး ‌မေးလာ‌တော့ ကျ‌နော်တို့ကလည်း ‌ဒေသခံ ‌တွေရဲ့ ဆန္ဒအတိုင်း သတင်းကိုလွတ်လွတ်လပ်လပ် ‌ပေးလို့ရတယ်ဆိုပြီး ပြန်‌ပြောလိုက်တယ်။ ဒီလို ‌ဒေသခံ ‌တွေ မတရား ခံ‌နေရတာကို ‌ဖော်ထုတ်တာမျိုး‌တော့ ကျ‌နော်တို့ အား‌ပေးတယ်။ ဒီလို ‌ဖော်ထုတ်‌ပြောဆိုလို့ ပြဿနာ တက်မယ်ဆိုရင် ကျ‌နော်တို့ဘက်က ‌ဖြေရှင်း‌ပေးလို့ တတ်တယ်” ဟု အမည် မ‌ဖော်လိုသူ KNU တာဝန်ရှိသူ တစ်ဦးက ‌ပြောသည်။

အဆိုပါ မြဝတီ၊ ဖလူး၊ ‌ဝေါ်‌လေ၊ ဆုံဆည်းမြိုင်မှ တဆင့် မုလအိ ‌တောင်‌ခြေသွား ကားလမ်း တစ်‌လျှောက်တွင် စစ်‌ကောင်စီနှင့် ဌာ‌နေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဂိတ်တချို့တွင် အလားတူ လမ်းသွားလမ်းလာ ကားများ၊ ဘုရားဖူးကားများကို တားမြစ်၍ ‌ငွေ‌ကြေး ‌တောင်းခံမှုများ ပြုလုပ်မှုများလည်းရှိသည်။

ထို့အတူ KNU တပ်မဟာ (၁) နယ်‌မြေတွင်လည်း စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များမှ ကိုဗစ်အ‌ကြောင်းပြ၍ လမ်းသွား လမ်းလာများကို ‌ခေါ်ယူ တားမြစ်စစ်‌ဆေးမှုများ ပြုလုပ်ရာတွင် ကိုဗစ်စစ်‌ဆေးခြင်းမျိုးမပြုလုပ်ဘဲ ‌ဒေသခံများ၏ လက်ကိုင်ဖုန်းများကိုသာ ဖွင့်ယူစစ်‌ဆေးမှုများပြုလုပ်ခြင်း‌ကြောင့် KNU ဘက်မှ သွား‌ရောက်သတိ‌ပေး ပစ်ခတ်မှုမျိုး ပြုလုပ်ခဲ့‌ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် လပိုင်းကလည်း အဆိုပါ ‌ဝေါ်‌လေ‌ဒေသတွင် စစ်‌ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသား ကာကွယ်‌ရေး တပ်ဖွဲ့ (KNDO)ဝင်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့‌သေးသည်။