Home သတင်း ကိုဗစ်စင်တာအတွင်း ‌ရေကြီး‌ရေလျှံ မှု‌ကြောင့် ‌အောက်ဆီဂျင်‌ပေး‌နေရသည့် လူနာများ ‌ရေလွတ်ရာသို့ အ‌ရေး‌ပေါ် ‌ပြောင်း‌ရွှေ့ခဲ့ရ

ကိုဗစ်စင်တာအတွင်း ‌ရေကြီး‌ရေလျှံ မှု‌ကြောင့် ‌အောက်ဆီဂျင်‌ပေး‌နေရသည့် လူနာများ ‌ရေလွတ်ရာသို့ အ‌ရေး‌ပေါ် ‌ပြောင်း‌ရွှေ့ခဲ့ရ

1673

ဇူလိုင် ၂၆ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ‌ရွှေမြဝတီ ကိုဗစ်စင်တာအတွင်း ‌ရေကြီး‌ရေလျှံမှု ဖြစ်ပွားခဲ့၍ ‌အောက်ဆီဂျင်‌ပေးရှူ‌နေရသည့် လူနာများ ‌ရေလွတ်ရာသို့ အ‌ရေး‌ပေါ် ‌ပြောင်း‌ရွှေ့‌နေရသည်။

ယ‌နေ့ ဇူလိုင်လ ၂၆ ရက်‌နေ့က မိုးအဆက်မပြတ်ရွာသွန်းခဲ့မှု‌ကြောင့် ‌ရွှေမြဝတီ ကိုဗစ်စင်တာအတွင်း ‌ရေကြီး‌ရေလျှံမှုဖြစ်ပွားခဲ့၍ မွန်းလွဲ ၃ နာရီခန့်က ‌အောက်ဆီ ဂျင် ‌ပေးရှူ‌နေရသည့် လူနာ ၁၀ဝ ဝန်းကျင်ခန့်ထားရှိရာ လူနာ‌ဆောင်မှာ ‌ရေဝင် ‌ရောက်မှု‌ကြောင့် လူနာများအား တဖက်‌ရေလွတ်ရာ အ‌ဆောင်သို့ အ‌ရေး‌ပေါ် ‌ပြောင်း‌ရွှေ့ခဲ့ရသည်။

ထို့အပြင် ထိုင်း-မြန်မာ နယ်ခြား ‌သောင်ရင်းမြစ်‌ရေမှာ ယ‌နေ့တွင် စိုးရိမ်‌ရေ အမှတ်ထက် ‌ကျော်လွန်ပြီး မြစ်‌ရေလျှံမှု‌ကြောင်း မြစ်ကမ်းအနီး အနိမ့်ပိုင်းရပ် ကွက်များရှိ လူ‌နေအိမ်‌ခြေ ၅၀ဝ ‌ကျော် ‌ရေ‌ဘေးဒုက္ခခံ‌နေရပြီး ‌ဘေးလွတ်ရာသို့ တိမ်း‌ရှောင်‌နေရသည်။

ယ‌နေ့ ညပိုင်း ဆက်လက်၍ မိုးသည်းထန်စွာရွာသွန်းမည်ဆိုပါက ‌ရွှေမြဝတီ ကိုဗစ်တာတွင် လူနာများ ဆက်လက်‌နေထိုင်၍ အခက်အခဲ ရှိနိုင်ပြီး ‌ရေ ‌ဘေးလွတ်ရာတွင် ကိုဗစ်စင်တာအသစ်အ‌ရေး‌ပေါ် ထပ်မံဖွင့်လှစ်ထားရန် လိုအပ်‌ကြောင်း လူနာရှင်တစ်ဦးက ‌ပြောသည်။

“အခု ‌ပြောင်းထား‌ပေးတဲ့‌နေရာ ‌ရေထပ်‌ရောက်လာဖို့က ၁ ‌ပေခန့်ပဲ လိုတာပါ။ ဒီည မိုးထပ်ပြီးများရင် ဒီ စင်တာမှာ ဆက်လက်‌နေထိုင်၍ မရနိုင်‌တော့ဘူး။ တာဝန်ရှိသူ‌တွေအ‌နေနဲ့ ‌ရေလွတ်ရာ ‌နေရာသစ်မှာ ကိုဗစ်စင်တာ ထပ်ဖွင့်ဖို့ ကြိုတင်စီစဉ်ထားဖို့ လိုပါတယ်” ဟု ၎င်း လူနာရှင်က ဆိုသည်။

မြဝတီမြို့တွင် ကိုဗစ်စင်တာ သုံးခု ရှိပြီး ကိုဗစ်အတည်ပြုလူနာ ၆၀ဝ ဝန်းကျင်ခန့်ကို ‌စောင့်ကြည့် ကုသ‌ပေးလျက်ရှိရာ အ‌ရေး‌ပေါ် လူနာများကိုမူ မြဝတီခရိုင်ပြည်သူ့ ‌ဆေးရုံနှင့် သကင်္န်းညီ‌နောင်တိုက်နယ် ‌ဆေးရုံတွင် ကုသ‌ပေးလျက်ရှိသည်။

လက်ရှိ ကိုဗစ်စင်တာများတွင် ‌အောက်ဆီဂျင် မလုံ‌လောက်မှု‌ကြောင့် မကြာခဏ အခက်ကြုံရမှုများ ရှိ‌နေသလို စင်တာတွင်လူနာထားရန် ‌နေရာမရှိ‌တော့၍ ပြင်ပလူမှုကယ်ဆယ် ‌ရေးအဖွဲ့အစည်းများနှင့် ‌နေအိမ်တွင် ‌အောက်ဆီဂျင်‌ပေး ရှူ‌နေရသည့် လူနာများမှာ ‌အောင်ဆီဂျင် ရရှိ‌ရေးအတွက် ‌နေ့စဉ် လုံးပန်း‌နေရ‌ကြောင်း သိရသည်။