Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သုံးရက်အတွင်း Covid-19 ပိုး ကူးစက်ခံရသူ ၁၂ ဦးရှိ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သုံးရက်အတွင်း Covid-19 ပိုး ကူးစက်ခံရသူ ၁၂ ဦးရှိ

1877

ဇူလိုင် ၁ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၁ ရက်‌နေ့အထိ ကိုဗစ်-၁၉ ‌ရောဂါပိုး ကူးစက်ခံရသူ ၁၂ ဦးအထိရှိ‌ကြောင်း လူမှုကယ်ဆယ်‌ရေးအဖွဲ့များထံမှ သိရသည်။

Mytel ဆက်သွယ်‌ရေးတာဝန်ရှိသူတစ်ဦးထံမှ ဇွန် ၂၈ ရက်တွင် ကိုဗစ်ပိုး စတင်ကူးစက်ခံရပြီး ၎င်းနှင့်ထိ‌တွေ့ ခဲ့သူများ ထပ်မံ၍ ကူးစက်ခံရခြင်းဖြစ်ကာ လက်ရှိ ကြာအင်းဆိပ်ကြီးမြို့ ပြည်သူ့‌ဆေးရုံ သီးခြားအ‌ဆောင်တွင် ‌ဆေးကုသ‌ပေးလျက်ရှိ‌ကြောင်း ပရဟိတအဖွဲ့ထံမှ သိရသည်။

“ ဇွန်လ ၂၉ ရက်မှာ ပိုး‌တွေ့သူ ၉ ဦးရှိတယ်။ ‌နောက်ထပ် ၃ ဦးထပ်မံကူးစက်ခံရတယ်‌ပေါ့‌နော်။ ထိ‌တွေ့ထားတဲ့ မိသားစုဝင်‌တွေကို ‌နေအိမ်မှာ ၁၄ ရက် ‌စောင့်ကြည့်ကန့်သတ်ထားတယ်။ ထိ‌တွေ့ထားမှု‌တွေ များနိုင်တယ်။ အားလုံးကို လိုက်လံစစ်‌ဆေးလို့ မနိုင်‌သေးဘူး‌ပေါ့‌နော်။ လမ်းညွှန်ချက်‌တွေနဲ့အညီ ‌နေထိုင်ကြဖို့ တိုက်တွန်းချင် ပါတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် လူမှုကယ်ဆယ်‌ရေးအဖွဲ့မှ ‌စော‌ကျော်လင်းခိုင်က ယမန်‌နေ့(ဇူလိုင် ၁ရက်)တွင် ‌ကေအိုင်စီသို့‌ပြောသည်။

ကိုဗစ်ပိုးကူးစက်မှု ထပ်မံဖြစ်ပွားလာသည့်အ‌ပေါ် မြို့နယ်ရှိ ‌ကျေးရွာအသီးသီးတွင် ကျန်းမာ‌ရေး လမ်းညွှန်ချက် များ ထပ်မံ‌ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ချင်းဆက်လမ်းများတွင် ‌ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာ‌ရေး စစ်‌ဆေးလမ်းညွှန်မှုများ လုပ်‌ဆောင်‌နေသည်ဟု ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှ Covid-19 ပိုးကူးစက်ခံရသူ တစ်ဦးက “ကျန်းမာ‌ရေး ‌ကောင်းပါတယ်။ တစ်ခါတစ်‌လေ အသက်ရှူရခက်တာ ရှိတယ်။ ရင်ဘတ်‌တွေ ‌အောင့်တယ်‌ပေါ့‌နော်။ လူထု‌တွေ သတိမ‌ပေါ့ဆကြပါနဲ့။ ပိုးက ရှိ‌နေတယ်။ ဖျားလို့ရှိရင် ပိုးက‌ပေါ်တာပဲ။ အနံ့‌တော့ ဘာမှမရဘူး။ အားလုံးပဲ ကျန်းမာ‌ရေးဂရုစိုက်ကြပါ ” ဟု ‌ပြောသည်။

ကရင်ပြည်နယ်အ‌နေဖြင့် မြဝတီ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် ဖားအံမြို့နယ်များတွင် ဇွန်လ ၃ဝ ရက်မှ ဇူလိုင်လ ၂ ရက်‌နေ့အထိ ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ စုစု‌ပေါင်း ၁၄ဝ ဦးရှိပြီး ၁ ဦး ‌သေဆုံး‌ကြောင်း ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။