ဇူလိုင် ၂၈ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့တွင် ဇူလိုင်လ ၂၆ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းသဖြင့် တောင်ကျချောင်းရေ မြှင့် တက်မှုကြောင့် ရေဘေးသင့်နေရသည့် မြို့ပေါ်ရှိ လူနေအိမ် ၈ဝခန့်က ပြည်သူများမှာ ဆေးဝါးနှင့် စားနပ်ရိက္ခာ လိုအပ် နေသည်ဟု လှိုင်းဘွဲမြို့ရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရှိရသည်။
အဆိုပါ ရေဘေးသင့်နေအိမ်များမှ မိသားစုဝင်များမှာ မြို့ပေါ်ရှိ စာသင်ကျောင်း၊ ဗလီနှင့် မြို့နယ်ခန်းမများတွင် ပြောင်း ရွှေ့နေရကြောင်း လှိုင်းဘွဲမြို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းဝင်တစ်ဦးဖြစ်သူ စောပြည့်စုံက ယခုလို ပြော သည်။
၎င်းက “ရေလွှမ်းတဲ့ အိမ်က ၇၀၊ ၈၀လောက်တော့ရှိမယ်။ ရှောင်တိမ်းတဲ့နေရာကျတော့ မွတ်ဆလင်မ်တွေကကျတော့ ဗလီမှာ နေကြတယ်။ တချို့ကျတော့ လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမမှာနေကြတယ်။ ကုန်းနဲနဲမြင့်တဲ့နေရာမှာ။ ကမော့ ကချူးဘက်က အရင်က ကွာရတင်းစင်တာပေါ့။ အခုကျတော့ ရေဘေးသင့်နေတဲ့နေရာ ဖြစ်သွားပြီးပေါ့။ အဲ့မှာ ထား ကြတယ်။”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ယင်းသို့ ပြောင်းရွှေ့နေရာတစ်နေရာစီတွင် ရေဘေးသင့်သူ မိသားစုများမှ လူဦးရေ ၁၀၀ကျော် ခိုလှုံနေထိုင်နေကြရပြီး ဆေးခန်းအချို့မှာလည်း ရေကြီးမှုကြောင့် ဆေးခန်းပိတ်လိုက်သည့်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေကြောင်း စောပြည့်စုံက ဆက်ပြောသည်။
ထို့အပြင် တတိယလှိုင်း ကိုဗစ်ရောဂါကူးစက်မှု မြှင့်တက်လာသည့်ကာလဖြစ်၍ မိုးရွာသွန်းမှုများပြီး နေအိမ်ထဲ ရေဝင် သည့် ပြည်သူများအတွက် ကျန်းမာရေးပြဿနာ တစုံတရာကြုံတွေ့ရပါက ဆရာဝန်များထံ သွားရောက်ဆေးကုသရန် အဆင်မပြေမှုများရှိကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
လှိုင်းဘွဲမြို့ခံတစ်ဦးက “ဖျားရင်တော့ ဆရာဝန်တွေဆီကိုသွားဖို့က ရေကလည်းကြီးနေတော့ သွားဖို့ အဆင်မပြေဘူး။ အိမ်နားက ဆိုင်တွေမှာပဲ ဆေးတွေဝယ်နေရတယ်။ ပြီးရင် ကိုယ်နေမကောင်းတာကို သက်သာအောင် အဲ့ဆေးတွေကိုပဲ မှီဝဲနေရတယ်။ စားဖို့အတွက်ကတော့ ရေမတက်ခင်တုန်းက တွန်းလှည်းနဲ့ လာရောင်းတဲ့ ဈေးသည်တွေဆီက ကုန် ခြောက်တွေ၊ ငါးခြောက်တွေ ကြက်ဥတွေကို ကြိုဝယ်ထားတော့ အဲ့ဒါနဲ့ပဲ ခုလောလောဆယ် စားနေရတာပေါ့။ ကြက်ဥ ဈေးလည်း အခု ငါးထောင်အထက်ကိုလည်း ဈေးတက်နေပြီး။ ဒီရေမကျရင်တော့ အိမ်မှာမွေးထားတဲ့ ကြက်တွေကိုပဲ စားရတော့မှာပေါ့။”ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ လှိုင်းဘွဲနှင့် ဖားအံ မြို့နယ်များတွင် မြစ်ရေကြီးခြင်းနှင့် တောင်ကျချောင်းရေတက်လာခြင်းတို့ကြောင့် ဒေသခံများမှာ ကိုယ်တိုင်အားဖြင့် ဖြစ်စေ၊ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ ကူညီမှုဖြင့်ဖြစ်စေ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေ ထိုင်ရသလို အသိမိတ်ဆွေအိမ်များ၌ ခေတ္တ ရွှေ့ပြောင်းနေထိုင်ကြရသည်။
ကရင်ပြည်နယ်အတွင်းရှိ မြစ်၊ ချောင်းများတွင် စိုးရိမ်နေအမှတ်ထက် အသီးသီး ကျော်လွန်ရောက်ရှိနေကြောင်း ပြည် နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့(ဇူလိုင်လ ၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။



















