ဇူလိုင် ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ်နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅)အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရဆဲ မူတြော် (ဖာပွန်) ခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက် အရေးပေါ် ဆေးဝါး လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း ၎င်းတို့ကို ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများက ပြောသည်။
လက်ရှိ မိုးရာသီကာလအတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် ငှက်ဖျားကုသရေးနှင့်ပတ်သက်သည့် ဆေးဝါး များ၊ ငှက်ဖျား အဓိကဖြစ်စေသည့် ခြင်ကာကွယ်ရေး ပစ္စည်းများနှင့် အမိုးအကာ၊ စောင်၊ ခြင်ထောင်များ လိုအပ် နေဆဲဖြစ်သည်ဟု ၎င်းတို့ကို အကူအညီပေးနေသည့် ကော်သူးလေ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) ဆိုသည်။
KDHW ၏ သင်တန်းတာဝန်ခံ စောဒိုးဒိုအယ်ကလူက “အခု ပြည်တွင်းက စစ်ဘေးရှောင်တွေက သူတို့ နေရာကို အကုန်ပြန်လာလို့ မရသေးဘူး။ ပြန်ရနိုးနိုး နေရနိုးနိုးနဲ့ ဆက်ရှိနေသေးတဲ့သူတွေရှိသေးတဲ့အတွက် အရင်တုန်းက လိုပဲ အကူအညီက လိုအပ်နေတုန်းဖြစ်တယ်။ အခုကျနော်တို့ လိုတာက ငှက်ဖျားဆေးတွေ၊ ခြင်ဆေးတွေ ကိုယ် လိမ်းတဲ့ ခြင်းဆေးတွေ၊ ခြင်ထောင်တွေ၊ စောင်တွေလိုတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ကူညီထောက်ပံ့မှုများ နည်းပါးသွားသလို ယခင်ကူညီပေးကြသူများအနေဖြင့် ဒေသအခြေအနေ တည်ငြိမ် မှုနှင့် ပုံမှန်အနေအထား ရောက်ရှိနေပြီးဟု ထင်မှတ်ခြင်းကြောင့် ကူညီထောက်ပံ့မှုများ လျော့နည်းရ ခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အလားတူ အဆိုပါဒေသတွင် ပြီးခဲ့သည့်လများတွင်လည်း စစ်ဘေးရှောင် ပြည်သူများအကြား ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ငှက်ဖျားရောဂါအများအပြား ကြုံတွေ့ခဲ့ရပြီး ဆေးဝါးမလုံလောက်မှုကြောင့် ကလေးငယ်တစ်ဦး ဆုံးပါးသွားသည်အထိ ဖြစ်ပွားခဲ့သေးသည်။
ပြီးခဲ့သည့်လအထိ KNU တပ်မဟာ (၅) နယ်မြေအတွင်း တိုက်ပွဲများဆက်လက်မြှင့်တက်နေဆဲဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုများမရှိသော်လည်း လက်နက်ကြီးကျည်များဖြင့် ဒေသခံအရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်လက်ရှိနေသေးသောကြောင့် စစ်ဘေးရှောင်တချို့ မိမိနေရပ်ရင်းသို့ မပြန်နိုင်သေးကြောင်း KNU တပ်မဟာ (၅) ဘက်က ဆိုသည်။
KNU တပ်မဟာ (၅) ၏ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က “တချို့ တောထဲမှာပဲ ပြေးလွှား တိမ်းရှောင်နေ ကြရသေးတဲ့အတွက် ကျန်းမာရေး အထောက်အကူပြု ဆေးဝါးတွေ၊ ခြင်နဲ့ပတ်သက်တဲ့ ကာကွယ်ဆေးတွေ ရေသန့်တွေ ပြီးတော့ ကျန်းမာရေးအတွက် အရေးကြီးတဲ့အကာအကွယ်တွေကတော့ လိုအပ်နေတုန်းပဲ” ဟု ကေအိုင်စီသို့ပြောသည်။
အဆိုပါ စစ်ဘေးရှောင် ပြည်သူများအတွက် တိုက်ပွဲများ ပြင်ထန်းသည့် ယခင်လများအတွင်း ဒေသအသီးသီးတွင် ရောက်ရှိနေကြသည့် ကရင်အမျိုးသားများအပြင် အခြားသော လူသားချင်း စာနာထောက်ထားကြသည့် မြန်မာ ပြည်သူများမှလည်း လိုအပ်သည့် စားနပ်ရိက္ခာဆေးဝါးနှင့် အဝတ်အစားများကို စုပေါင်းလှူဒါန်းပေးပို့မှုများ အသီးသီး ပြုလုပ်ခဲ့ကြသေးသည်။
အလားတူ ယခင်နှစ်များတွင် ဒေသခံပြည်သူများ၏ တောင်ယာစိုက်ပျိုးခင်းများ သဘာဝဘေးအန္တရာယ် ကျ ရောက်မှုကို ကြုံတွေ့ခဲ့ရခြင်းနှင့် လက်ရှိတွင်လည်း ဒေသတွင်း တိုက်ပွဲများကြောင့် စိုက်ပျိုးစားသောက်မှု မပြု လုပ်နိုင်ကြဘဲ ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် အဓိက အခြေခံစားနပ်ရိက္ခာများ ဆက် လက်လိုအပ်လာမည်ဖြစ်ကြောင်းလည်း ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်းများက ဆိုသည်။
လက်ရှိတွင် ကရင်ပြည်နယ်အပါအဝင် တခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်အချို့တွင်လည်း ဒေသတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသလို လက်ရှိတွင် ကရင်နီပြည်နယ် နှင့် ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် ဒေသခံ စစ်ဘေးရှောင် သိန်းနှင့်ချီရှိနေပြီး အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ် ချက်များရှိနေကြောင်းလည်း ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြကြသည်။



















