Home သတင်း တဖက်တလမ်းမှ ဝင်‌ငွေရရှိရန် CDM ‌ကျောင်းဆရာမများ ဂျပ်ခုတ်ပညာသင်ယူ‌နေ

တဖက်တလမ်းမှ ဝင်‌ငွေရရှိရန် CDM ‌ကျောင်းဆရာမများ ဂျပ်ခုတ်ပညာသင်ယူ‌နေ

3544
Photo: CJ

ဇူလိုင် ၂ ရက်၊ ၂၀၂၁ ခုနှစ် ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ရှိ အာဏာဖီဆန်‌ရေးလှုပ်ရှားမှု(CDM) လုပ်‌ဆောင်ကြ သည့် ‌ကျောင်းဆရာမများသည် တဖက်တလမ်းမှ ဝင်‌ငွေရရှိရန် လက်ရှိတွင် ဂျပ်ခုတ်ပညာသင်ယူလျက်ရှိသည်ဟု သိရှိရသည်။

စစ်အာဏာသိမ်းပြီး‌နောက် CDM လှုပ်ရှားမှုတွင် ပါဝင်ပူး‌ပေါင်းကြသည့် CDM ‌ကျောင်းဆရာမများအ‌နေဖြင့် ဧပြီလ မှစပြီး အစိုးရ‌ပေးသည့် လစာ‌ငွေကိုမယူ‌တော့သည့်အတွက် ယခုအချိန်တွင် ‌ငွေ‌ရေး၊ ‌ကြေး‌ရေးပြဿနာနှင့် မိသားစုစားဝတ်‌နေ‌ရေးမ‌ထောက်ပံ့နိုင်သည့် အခက်အခဲများရှိ‌နေသည့်အတွက် ယခုလို ကရင်ဂျပ်ခုတ်ထည်များ သင်ယူ ရက်လုပ်ရခြင်းဖြစ်သည်ဟု CDM ဆရာမတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက ” အခုအချိန်မှာ CDM သမား‌တွေအ‌နေနဲ့ ‌ငွေ‌ရေး၊ ‌ကြေး‌ရေးဖြစ်‌စေ၊ မိသားစု စားဝတ်‌နေ‌ရေး ပြဿနာ‌တော့ နည်းနည်းပါးပါး‌တော့ ရှိတာ‌ပေါ့‌နော်။ ကိုယ်က ကိုယ့်လစာနဲ့ပဲစား‌နေရတယ်ဆို‌တော့ လစာမရှိ‌တော့ ကိုယ့် အတွက် အခက်အခဲဖြစ်တယ်။ ‌အော်ဒါ‌တွေရှာပြီး ရက်လုပ်‌ပေးတယ်။ ရက်‌ပေးပြီးရင် ပြန်ပို့‌ပေးတယ်။ ဂျပ်ခုတ်က‌နေ နည်းနည်းပါးပါးရတယ်‌ပေါ့။ ဒီလိုနဲ့ပဲ‌နေထိုင်စား‌သောက်ရတယ်။ “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်က အိမ်တွင်းတွင် ဂျပ်ခုတ်ထည်ရက်လုပ်ခြင်းကို တနိုင်တပိုင်လုပ်‌ဆောင်ကြပြီး ယခုလက်ရှိတွင် CDM ဆရာမအချို့နှင့် ‌ကျေးရွာလူငယ်များ ၄ ဦးခန့် ပူး‌ပေါင်းပြီး ဂျပ်ခုတ်ထည် ရက်လုပ်ခြင်းရှိသလို အချို့‌သော CDM ဆရာမများလည်း မိမိတို့တတ်သည့် ဖိနပ်ချုပ်ခြင်း လက်မှုပညာကို လုပ်‌ဆောင်ကြသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဂျပ်ခုတ်ထည်ရက်လုပ်ခြင်းကို CDM ဆရာမများအပြင် ‌ကျေးရွာတွင်ရှိသည့် အမျိုးသမီးများအတွက် ဝင်‌ငွေအခွင့်အလမ်း ရရှိနိုင်ရန်၊ CDM အဖွဲ့များ၏ ရံပုံ‌ငွေရရှိနိုင်ရန်နှင့် ဂျပ်ခုတ်ပညာ၊ ကရင်‌ရှေး‌ဟောင်းလက်ရာ များကို ‌ဖော်ထုတ်သွားရန်လည်း ရည်ရွယ်ပြီး ရက်လုပ်သင်ကြား‌ပေးရခြင်းဖြစ်သည်ဟု ဂျပ်ခုတ်သင်ကြား‌ပေးသူ တစ်ဦးက ယခုလို ‌ပြောသည်။

” ဒါကို အရင်ကတည်းက ရွာမှာရှိတဲ့သူ‌တွေကို အိမ်တိုင်ရာ‌ရောက် လိုက်သင်‌ပေးချင်တာ။ အခုလို အ‌ကြောင်း အမျိုးမျိုး‌ကြောင့် ရွာမှာ‌နေရ‌တော့ ရက်တတ်တဲ့လူငယ်‌တွေ CDM ဆရာမ ‌တွေနဲ့ဆုံ‌တော့ လုပ်ဖြစ်သွားတယ်။ ထပ်ပြီး‌လေ့လာရင်းနဲ့‌ပေါ့။ ခုလိုလုပ်တာကလည်း ဂျပ်ခုတ်ပညာနဲ့ ကရင်‌ရှေး‌ဟောင်းလက်ရာ‌တွေ ‌ဖော်ထုတ်သွား ဖို့လည်း ရည်ရွယ်ပါတယ်။ ‌နောက်ကျရင်‌တော့ ကိုယ်တိုင်မလာ သင်ယူနိုင်တဲ့ သူ‌တွေအတွက် ဂျပ်ခုတ်ရက်လုပ်နည်းကို ဗီဒီယို ရိုက်ပြီး တင်‌ပေးဖို့လည်း ရှိတယ်။ ” ဟု ၎င်းက ‌ပြောသည်။

ယခုလက်ရှိတွင် အဆိုပါ CDM ဆရာမများသည် ၎င်းတို့အသိမိတ်‌ဆွေများ၏‌နေအိမ်တွင် အတူ‌နေထိုင်ပြီး စားဝတ်‌နေ‌ရေးအဆင်‌ပြေရန် ဝင်‌ငွေရရှိသည့်နည်းလမ်းမှာ ဂျပ်ခုတ်ရက်လုပ်ခြင်းကသာ အဆင်‌ပြေသည့်အတွက် ဂျပ်ခုတ်ရက်လုပ်ပြီးရရှိသည့် ဝင်‌ငွေများနှင့် စားဝတ်‌နေ‌ရေး‌ဖြေရှင်းခဲ့ကြရသည်ဟု သိရှိရသည်။

အဆိုပါ ဂျပ်ခုတ်ထည်‌ရောင်းထွက်ရန်အတွက် ရင်းနှီးသည့် အသိမိတ်‌ဆွေများနှင့် အစပြု‌ရောင်းချခြင်းရှိသလို လက်ရှိအချိန်တွင် လူမှုကွန်ရက်စာမျက်နှာ‌ပေါ်တွင် ‌ကြော်ငြာတင်‌ရောင်းခြင်းနှင့် ‌အော်ဒါအထည်များကိုလည်း လက်ခံရက်လုပ်‌ပေးလျက်ရှိသည်ဟု CDM ဆရာမများက ‌ပြောသည်။