Home သတင်း မြဝတီမြို့တွင် ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံရသူများအနက် ၃၉ ဦး ပြန်လည်လွတ်‌မြောက်

မြဝတီမြို့တွင် ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံရသူများအနက် ၃၉ ဦး ပြန်လည်လွတ်‌မြောက်

1102

ဇွန်လ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်အာဏာသိမ်းပြီး‌နောက် ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ဖမ်းဆီးထိန်းသိမ်းခံရသူ များအနက် ၃၉ ဦး ယ‌နေ့ (ဇွန်လ ၃ဝ ရက်)တွင် ပြန်လည်လွတ်‌မြောက်လာ‌ကြောင်း သိရသည်။

၎င်းတို့ကို ယ‌နေ့ ဇွန်လ ၃ဝ ရက်၊ နံနက် ၇ နာရီ‌ကျော်က မြဝတီမြို့နယ် ရဲစခန်းအချုပ်မှတဆင့် ဖားအံမြို့ ဇွဲကပင် ခန်းမသို့ ‌ခေါ်‌ဆောင်သွားပြီး ပြည်နယ်စစ်‌ကောင်စီအဖွဲ့နှင့်‌တွေ့ဆုံ‌စေပြီး‌နောက် ပြန်လည်လွတ်‌ပေးခဲ့ခြင်း ဖြစ်သည်။

“ဒီ‌နေ့ လွတ်လာတာ အားလုံး ၃၉ ‌ယောက်‌ပေါ့။ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၂ ဦး ပါ။ မနက်ကတည်းက မြဝတီ အချုပ်ခန်းက‌နေ မှန်လုံယာဉ်နဲ့ ဖားအံမြို့ကို ‌ခေါ်‌ဆောင်သွားပြီး ဇွဲကပင်ခန်းမမှာ ပြည်နယ်‌ကောင်စီလူကြီး‌တွေနဲ့ ‌တွေ့ဆုံ‌စေပြီး ဆုံးမဩဝါဒ‌ပေးကာ ခံဝန်ထိုးပြီး‌နောက် မြဝတီမြို့သို့ ပြန်လည်‌ခေါ်‌ဆောင်လာပြီး မြဝတီ‌ရောက်မှ လွတ်‌ပေးခဲ့တာ” ဟု လွတ်‌မြောက်လာသူ တစ်ဦးက ‌ပြောသည်။

စစ်အာဏာသိမ်းပြီး‌နောက် ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးခံရသူများအနက် ယ‌နေ့ ဇွန်လ ၃ဝ ရက်‌နေ့တွင် ၂၃၄၂ ဦးအား အကျဉ်း‌ထောင်အသီးသီးမှ လွတ်‌ပေးမည်ဟု စစ်‌ကောင်စီ ပြန်ကြား‌ရေး ဒုဝန်ကြီး ဗိုလ်ချုပ် ‌ဇော်မင်းထွန်း က ‌ပြောထားသည်။

‌ဖေ‌ဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီး‌နောက် ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြပွဲများကို ၁ လ ကြာ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅(က) အပါအဝင် ပုဒ်မမျိုးစုံဖြင့် အမှုရင်ဆိုင်‌နေရသူ ၈ဝ ထက်မနည်း ရှိခဲ့‌ကြောင်း ဆန္ဒပြသူများကို အခမဲ့ အမှုလိုက်ပါ‌ဆောင်ရွက်‌ပေး‌နေသည့် မြဝတီမြို့ ပြည်သူ့‌ရှေ့‌နေများအဖွဲ့ ထံမှ သိရသည်။