ဇွန် ၃ဝ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေအတွင်း ပြီးခဲ့သည့် မေလထက် ယခုဇွန်လ အတွင်း စစ်ကောင်စီ နှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု အကြိမ်အရေအတွက် မြင့်မားခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ယခင်လထက် ကျဆုံးမှုပိုမိုများပြားခဲ့ကြောင်း KNU တပ်မဟာ (၅)၏ လစဉ်တိုက်ပွဲဖြစ်ပွားမှု မှတ်တမ်းစာရင်း နှိုင်းယှဉ်ချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ ယနေ့ ဇွန်လ ၃ဝ ရက်နေ့အထိ တပ်မဟာ (၅) နယ်မြေအတွင်း တိုက်ပွဲပေါင်း အကြိမ်ရေ နှစ်ရာကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တစ်ရာကျော် ကျဆုံးကာ နောက်ထပ်တစ်ရာကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU တပ်မဟာ (၅)၏ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။
“အာဏာရှင် စစ်တပ်တွေ ကျနော်တို့ နယ်မြေထဲကို ပိုလှုပ်ရှားလာတဲ့အတွက် ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ ကျနော်တို့ ရရှိထားတဲ့ စာရင်းအရ တိုက်ပွဲပေါင်း ၂၅၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅၆ ဦး သေတယ်၊ ၁၁၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်။” ဟု ကေအိုင်စီသို့ပြောသည်။
ပြီးခဲ့သည့် မေလ၂၆ ရက်နေ့အထိ ရရှိခဲ့သည့် စာရင်းတွင် KNU တပ်မဟာ (၅) နယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၉၃ ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၁၂၈ ဦးကျဆုံးကာ ၁၈ဝ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဘက်က ပြောဆိုပြီး ၎င်းစာရင်းနှင့် နှိုင်းယှဉ်လျှင် ယခုလအတွင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ်အရေအတွက်နှင့် စစ်ကောင်စီ ဘက်မှ ထိခိုက်ကျဆုံးမှုပမာဏ ပိုများလာကြောင်း တွေ့ရသည်။
ထို့အပြင် ယခုလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် တပ်ကြပ်တစ်ဦး နှင့် တပ်ရင်းမှူးတစ်ဦးပါဝင်သလို စစ်ကောင်စီ၏ စစ်ယာဉ် (၇)စီးပျက်စီးပြီး ရိက္ခာသယ်မြင်း ၁၉ ကောင်သေဆုံးခဲ့ကြောင်း၊ KNU ဘက်မှ တစ်ဦးကျဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သလို အရပ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်ပြောသည်။
အလားတူ စစ်ကောင်စီဘက်မှ အရပ်သားများတည်ရှိရာ ကျေးရွာများနှင့် တောင်ယာစိုက်ခင်းများအတွင်းသို့ လက်နက်ကြီး ၂၃၂ လုံးပစ်ချခဲ့သလို တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများအတွင်း စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၈) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၄၁၀) နှင့် (ခမရ-၄၃၀)မှ တပ်ဖွဲ့ဝင်များသည် ဒေသခံများ၏ အိမ်မွေးတိရိစာ္ဆန် ဝက် ၃ ကောင်ကို ပစ်သတ်စားခဲ့ပြီး ဆိုလာပြား ၂ ချပ်၊ ဘက်ထရီကြီးတစ်လုံးနှင့် အလှူငွေတချို့အပါအဝင် ဖုန်းတစ်လုံးကိုပါ သိမ်းယူသွားခဲ့ကြောင်း KNU တပ်မဟာ (၅) ဘက်က စုဆောင်းရရှိထားသည့် အချက်အလက်များအရ သိရသည်။
ယခု ဇွန်လတွင် ပြီးခဲ့သည့် ယခင်မေလထက် စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုအလုံးရေ ပိုများလာသော်လည်း လူနေအိမ် ထိခိုက်ပျက်စီးမှုမှာ ယခင်လထက် မများခဲ့ကြောင်း KNU တပ်မဟာ (၅)ဘက်က ဆိုသည်။
အလားတူ လက်ရှိတွင် စစ်ကောင်စီနှင့် KNU အကြား တိုက်ပွဲဖြစ်ပွားမှုသည် KNU တပ်မဟာ(၅)၊ တပ်မဟာ (၁) နှင့် တပ်မဟာ (၃) နယ်မြေအတွင်းပိုမိုဖြစ်ပွားနေပြီး လတ်တလောတွင်လည်း ၎င်းတပ်မဟာ ၃ခု နယ်စပ်တွင် စစ်ကောင်စီအပါအဝင် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များပါ ပါဝင်၍ အင်အားဖြည့်တင်းလှုပ်ရှားမှုများ ရှိနေကြောင်း လည်း KNUဘက်က ပြောသည်။
ယခင်လများအတွင်း KNU တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ပြည်သူတချို့ မိမိကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြပြီးဖြစ်သလို တချို့မှာလည်း ပြန်လည်ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးဘဲ ယာယီစစ်ရှောင်နေရာများတွင်သာ ဆက်လက်နေထိုင်သူများ လည်းရှိနေပြီး ဆေးဝါးနှင့်အခြေခံစားနပ်ရိက္ခာ လိုအပ်လျက်ရှိသည်ဟု သိရသည်။
အလားတူ လတ်တလောတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို မြန်မာပြည် ဒေသအချို့တွင် လူငယ်များနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)မှ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုများ ပြုလုပ်နေကြပြီး ချင်း၊ ကရင်နီ ၊ ရှမ်းစသည့် ပြည်နယ်များ နှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ဒေသအချို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာလျက်ရှိသည်။ ကချင်ပြည်နယ်တွင်လည်း ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) မှ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်လျက်ရှိသည်။



















