ဇွန်လ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
KNLA-ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်မဟာ(၇) တပ်မဟာမှူးအဖြစ် ဗိုလ်မှူးကြီးစောဖောဒိုကို ရွေးချယ်ပြီး ဗျူဟာမှူးအဖြစ် ဒုဗိုလ်မှူးကြီးစောဒိကွယ်ကို ရွေးချယ်ခဲ့ကြောင်း ဇွန်လ ၃ဝရက်၊ ယနေ့တွင် ပြုလုပ်သည့် တပ်မဟာ(၇) အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
ယခင် တပ်မဟာမှူးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်စောဂျော်ဖြူမှာ ဇွန်လ ၂ဝရက်နေ့က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏နေရာကို ဆက်လက် တာဝန်ထမ်းဆောင်နိုင်ရန် KNLA တပ်ရင်း၊ တပ်မဟာမှ တပ်မှူးများပါဝင်သည့် တပ်မဟာ အဆင့် အစည်းအဝေး ပြုလုပ်ကာ ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
“တပ်ဖက်ပိုင်း စည်းမျဉ်းစည်းကမ်း ပြဌာန်းထားတဲ့အတိုင်း တပ်မဟာမှူးတစ်ဦး မရှိတော့ဘူးဆိုရင် သူ့အောက်တဆင့် ဖြစ်တဲ့ ဗျူဟာမှူးက တပ်မဟာမှူးတာဝန်ကို တိုက်ရိုက် ဆက်ကိုင်သွားရမယ်လို့ ချမှတ်ထားပြီးသားပါ။ အုပ်ချုပ်ရေး ပိုင်းလို ရွေးကောက်တာမျိုး မဟုတ်ဘူးပေါ့။ ဗျူဟာမှူးကျတော့ တပ်ရင်းတွေက သူတို့အဆိုပြုတာ၊ ထောက်ခံတာတွေ နဲ့ ရွေးတာမျိုးပါ။”ဟု ဗျူဟာမှူးဖြစ်လာသူ ဒုဗိုလ်မှူးကြီးစောဒိကွယ်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်များကို KNLA ဗဟိုဌာနချုပ်သို့ တင်ပြသွားပြီး စစ်ဦးစီးချုပ်နှင့် KNU ကာကွယ်ရေး ဌာန တာဝန်ခံများ၏ အတည်ပြုချက်ရရှိပြီးမှသာ ရာထူးတာဝန်များကို တရားဝင် အသိအမှတ်ပြုရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ယခု တပ်မဟာမှူးဖြစ်လာသူ ဗိုလ်မှူးကြီးစောဖောဒိုမှာ KNLA တပ်ရင်း(၁၀၁)တွင် တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ တပ်မဟာဗျူဟာမှူးအဖြစ်လည်းကောင်း တာဝန်ယူခဲ့သူဖြစ်သည်။ တပ်မဟာ ဗျူဟာမှူးဖြစ်လာသူ၏ လစ်လပ်သွား သည့် တပ်ရင်းမှူးနှင့် ဒုရင်းမှူးများကို တပ်ရင်းအဆင့် ပြန်လည် ရွေးချယ်သွားရမည်ဖြစ်သည်။
တပ်မဟာ(၇)တွင် KNLA တပ်ရင်း(၁၉)၊ (၂၁)၊ (၂၂)၊ (၂၄) (၁၀၁) နှင့် KNDO တပ်ရင်း(၅) ဟူ၍ တပ်ရင်းပေါင်း (၆)ရင်းရှိပြီး တပ်မဟာမှူးအသစ် တင်မြှောက်သည့် အစည်းအဝေးတွင် တပ်ရင်းမှူး၊ ဒုရင်းမှူးများအပြင် ဗဟို အုပ်ချုပ်ရေးနှင့် ဗဟို တပ်ဖက်ဌာနချုပ်မှ ခေါင်းဆောင်အချို့ အပါအဝင် စုစုပေါင်း ၅ဝဦးကျော် တက်ရောက်ခဲ့ကြသည်။



















