Home သတင်း မြဝတီမြို့ အမှတ် (၁) တံတားတွင် BGF တပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွား၍ ၂ ဦး ‌သေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရ

မြဝတီမြို့ အမှတ် (၁) တံတားတွင် BGF တပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွား၍ ၂ ဦး ‌သေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရ

2011

ဇူလိုင် ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၁ ရပ်ကွက်ရှိ ထိုင်း-မြန်မာ အမှတ် (၁) ချစ် ကြည်‌ရေးတံတားတွင် ယ‌နေ့နံနက်အ‌စောပိုင်းက လုံခြုံ‌ရေး‌ဆောင်ရွက်‌နေသည့် နယ်ခြား‌စောင့်တပ် (BGF) တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၂ ဦး‌သေပြီး ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

“မ‌နေ့ ည ဇူလိုင် ၁ ရက် မနက် ၁ နာရီဝန်းကျင်ခန့်က ဖြစ်သွားတာပါ။ ပစ်ခတ်တဲ့ ‌သေနတ်အသံ‌တွေ ကြား‌နေ‌ပေမယ့် ညမထွက်ရအမိန့် ထုတ်ထား‌တော့ ကိုယ့်အတွက် အန္တရာယ်ရှိနိုင်တာမို့ အပြင်ထွက်မကြည့်ရဲဘူး ”ဟု မြဝတီမြို့ အမှတ် ၁ ချစ်ကြည်‌ရေးတံတား အနီး‌နေထိုင်သူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖြစ်စဉ်မှာ ယမန်‌နေ့ ညက မြဝတီမြို့ အမှတ် ၁ ရပ်ကွက်ရှိ ထိုင်း-မြန်မာ ချစ်ကြည်‌ရေးတံတား(၁)‌ပေါ်တွင် လုံခြုံ‌ရေးတာဝန်ကျ BGF တပ်နယ်(၄) ရင်း(၁၀၁၉)မှ တပ်ကြပ်ကြီးအဆင့်ရှိ အဲဝါ ဦးစီး(၁၀)ဦးသည် လုံခြုံ‌ရေး တာဝန်‌ဆောင်ရွက်‌နေစဉ် တပ်သားအဆင့်ရှိ ‌စော‌မောင်‌အေးတို့ စကားများ ရန်ဖြစ်ပြီး အဲဝါ မှ ၎င်းကိုင်‌ဆောင်‌သော ကာဘိုင်‌သေနတ်ဖြင့် ‌စော‌မောင်‌အေး အား ပစ်ခတ်ခဲ့သဖြင့် ‌စော‌မောင်‌အေးမှာ ‌နေရာတွင် ‌သေဆုံးသွားခဲ့သည်။

ထို့‌နောက် အဲဝါ မှ တပ်သားအဆင့်ရှိ ‌အောင်ကိုအား ဆက်လက်ပစ်ခတ်ခဲ့ရာ ‌အောင်ကိုမှ ပြင်းထန် ဒဏ်ရာများရရှိသဖြင့် သကင်္န်းညီ‌နောင်‌ဆေးရုံတွင် ‌ဆေးကုသမှုခံယူ‌နေရသည်။

ထိုသို့ တပ်သား ၂ ဦးအား ‌သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ အဲဝါမှ မိမိ၏ ပါးစပ်အတွင်း ‌သေနတ်‌ပြောင်းအား ငုံ၍ပစ်ခတ်ပြီး မိမိကိုယ်ကိုယ်သတ်‌သေ သွားသည်ဟု ရဲသတင်းထုတ်ပြန်မှုမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်း‌ဇော် ဦးစီး‌သော ရဲတပ်ဖွဲ့ဝင်အင်အား (၇) ဦးက သွား‌ရောက်စစ်‌ဆေး ခဲ့‌ကြောင်း သိရသည်။