ဇွန်လ ၂ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ ဇမိခန်းမတွင် မေလ ၃၁ ရက်နေ့က စစ်ဆရာဝန်နှင့် စစ်သူနာပြုတို့မှ ပြည်သူများအား ဒုတိယအကြိမ် COVID-19 ကာကွယ်ဆေး ထိုးနှံပေးမှု ပြုလုပ်သွားကြောင်း မြို့နယ်ပြန်ကြား ရေးဌာန၏ ရေးသားဖော်ပြချက်အရ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းမျဉ်းလမ်းညွှန်မှုနှင့်အညီ ရဟန်းသံဃာတော်များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မြို့ခံလူထုများကို မြို့နယ်တပ်ရင်းတပ်ဖွဲ့များရှိ စစ်ဆရာဝန် စစ်သူနာပြုများမှ ကိုဗစ်ကာကွယ်ဆေးများ ဒုတိယအကြိမ်အနေဖြင့် ထိုးနှံပေးလျက်ရှိသည်ဟု ၎င်းတို့ဖော်ပြချက်အရ သိရသည်။
“ ပထမတစ်ခါတော့ ထိုးခဲ့ရတယ်။ ဒုတိယတစ်ခေါက်ထိုးနှံဖို့က စစ်တပ်က အာဏာသိမ်းလိုက်တော့ မထိုးဖြစ်တော့ဘူးပေါ့နော်။ ဆေးကိုယုံကြည်တယ်ဆိုပေမယ့် သူတို့ကိုတော့ ကျနော်တို့ယုံကြည်မှုမရှိဘူး။ ပူးပေါင်းလိုက်နာဆောင်ရွက်သွားမှာ မဟုတ်ဘူး။ သူတို့ပေးတဲ့ ကိုဗစ်လက်ဆောင်ထက် သူတို့အာဏာသိမ်းလိုက်မှ အသက် လုံခြုံမှု စားဝတ်နေရေးကအစ အကုန်ဒုက္ခရောက်ကုန်တယ်” ဟု အမည်မဖော်လိုသူ CDM (အာဏာဖီ ဆန်ရေးလှုပ်ရှားမှု) ဝင်ထားသည့် မြို့နယ် သူနာပြုဝန်ထမ်းတစ်ဦးက ယနေ့ဇွန်လ ၂ ရက် ကေအိုင်စီသို့ ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ကောင်စီဥက္ကဌ၏ စီမံမှုဖြင့် မေလ ၃၁ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ရဟန်းသံဃာတော်များ နိုင်ငံ့ဝန်ထမ်းများနှင့် မြို့ခံလူထုများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသော်လည်း CDM ဝင်ထားသည့် ကျန်းမာရေးဝန်ထမ်းအများစုမှာ စစ်ကောင်စီတို့၏ လုပ်ဆောင်ချက်များကို ပေါင်းဆောင်ရွက်မည်မဟုတ်ဟု ဝန်ထမ်းများထံမှ သိရသည်။



















