ဇွန်လ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ ဖလူးကျေးရွာအနီး စစ်ကောင်စီတပ်၊ နယ်ခြားစောင့် (BGF) ပူးပေါင်းတပ်ဖွဲ့နှင့် ခွဲထွက် (DKBA)တို့အကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲကြောင့် ယနေ့ ညနေပိုင်း အချိန်ထိ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်နေရသော ဒေသခံပြည်သူ ၆၀ဝ နီးပါးရှိကြောင်း သိရသည်။
ယနေ့ ဇွန်လ ၁ ရက်၊ မွန်းလွဲ ၁ နာရီခန့်မှစ၍ ခွဲထွက် (DKBA)အဖွဲ့နှင့် စစ်ကောင်စီတပ်၊ BGFပူးပေါင်းအဖွဲ့တို့ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲကြောင့် မြဝတီတောင်ဘက်ခြမ်းရှိ ဖလူးကျေးရွာနှင့်အနီးဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ ၆၀ဝ ခန့်မှာ သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ ထိုင်းဘက်သို့ စစ်ဘေးရှောင်နေရသလို အချို့မှာ နီးစပ်ရာသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တချို့ကျတော့ ထိုင်းဘက် အမျိုးအိမ်ရောက်နေတယ်။ သောင်ရင်းမြစ်ကို ဒီတိုင်းပဲဖြတ်ကူးလာတာ။ ရေက ရင်ဘတ်လောက်ထိ ရောက်တာပေါ့။ အဲ့ဒါကြောင့် တချို့က ဘာပစ္စည်းမှ မသယ်သွားနိုင်ခဲ့ဘူး။ ဟိုဘက်ရောက် တော့ ထိုင်းစစ်သားတွေလာပြီး ကျန်းမာရေးစစ်ဆေးမှုတွေ mask ဝေပေးတာတွေတော့လုပ်ပေးပါတယ်။ အခု နွားတင်ကုပ်ထဲမှာ စုပြီးနေရတယ်။ လတ်တလောမှာတော့ အစားအသောက် အဝတ်အထည် နေရာထိုင်ခင်း အကူညီတွေလိုအပ်နေတယ် ” ဟု ထိုင်းဘက်သို့ စစ်ရှောင်ပြေးနေသည့် ဖလူးဒေသခံ တစ်ဦးက ပြောသည်။

ယနေ့ ညနေပိုင်းတွင်လည်း ဖလူးဒေသဘက်တွင် လက်နက်ကြီးရော၊ လက်နက်ငယ်ပါ ပစ်ခတ်သံများ ဆက်တိုက် ကြားနေရဆဲဖြစ်သည့်အတွက် အနီးအနားပတ်ဝန်းကျင်ရှိ ရွာများပါ ထပ်မံပြီး စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြသည်ဟု သိရသည်။
ယနေ့ မြဝတီတောင်ဘက်ခြမ်း ဖလူးတိုက်ပွဲတွင် ည ၈ နာရီအချိန်ထိ နောက်ဆုံး သတင်းအရ စစ်ကောင်စီဘက်မှ တပ်သား ၂၉ ဦးနှင့် BGF တပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ သို့သော် စစ်ကောင်စီဘက်မူ ကျဆုံးစာရင်းနှင့်ပတ်သက်ပြီး အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။



















