ဇွန်လ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီခရိုင်၌ စစ်အာဏာသိမ်းစဉ်ကာလအတွင်း စစ်ကောင်စီခန့် မြို့တွင်းရပ်ကွက်နှင့် ကျေးရွာများရှိ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ယူထားသူ ၅ ဦး အထိ ပစ်သတ်ခံ ခဲ့ရကြောင်း သိရသည်။
ကရင်ပြည်နယ် မြဝတီမြို့တွင် ပြီးခဲ့သည့် မတ် ၁၉ ရက်နေ့ ညပိုင်းက ဇရပ်ဖြူကုန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးရွေးချယ်ရေးပြုလုပ်စဉ် လက်နက်ကိုင်လူတစ်စုမှ ဝင်ရောက်ပစ်ခတ်သဖြင့် ဝှေ့ရှမ်းကျေးရွာ နှင့် မဲ့ပလဲ့ကျေးရွာ တို့မှ အုပ်ချုပ်ရေးမှူး ၂ ဦးအပြင် ဇရပ်ဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် လျာထားသူ (၁) ဦးသေဆုံးခဲ့သည်။
ပြီးခဲ့သည့် မေလ ၉ ရက်နေ့က လူတစ်စုမှ လာရောက် ကြိုးတုပ်ဖမ်းဆီး ခေါ်ဆောင်ခံရသူ မြဝတီမြို့ အင်ကြင်းမြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးဇော် ဆိုသူ အသတ်ခံရပြီးနောက် မေ ၁၃ ရက်နေ့မှာ ၎င်း၏အလောင်းအား ဖလူးလေးကျေးရွာအလွန် မြဝတီ-ဝေါလေ သွားလမ်းနံဘေး သုံးထပ်ကွေ့ အနီးသောင်ရင်းမြစ်ထဲတွင် ပြန်တွေ့ခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ထိုသို့ အလားတူပင် မြဝတီမြို့ အမှတ် ၂ ရပ်ကွက် မြို့ပတ် ၂ လမ်းနေ စစ်ကောင်စီ ခန့် ရာအိမ်မှူး ဦးသန်းဌေး ဆိုသူမှာ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက် နံနက် ၆ နာရီခွဲခန့်က ၎င်း၏ နေအိမ်ရှေ့တွင် ရှိနေစဉ် ကားအမဲရောင်ဖြင့် သေနတ်သမားများ၏ အနီးကပ် ပစ်ခတ်ခံရမှုကြောင့် ရင်ဘတ် နှင့် ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးခဲ့သည်။
ယခုဆိုလျှင် စစ်အာဏာသိမ်းပြီးနောက် မြဝတီခရိုင်အတွင်း ပစ်သတ်ခံရသူ စစ် ကောင်စီခန့် မြို့တွင်းရပ်ကွက်နှင့် ကျေးရွာများရှိ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ ၅ ဦးအထိ သေဆုံးခဲ့ပြီဖြစ်သည်။
မြဝတီခရိုင်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအပိုင်းများ ပစ်သတ်ခံရသည့်အပြင် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ ညပိုင်းတွင် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို ဧပြီလ ၂၆ ရက်နေ့ကလည်း အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏နေအိမ်ခြံဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ် အပါအဝင် မြဝတီမြို့တွင်း၌ ဗုံးပေါက်ကွဲမှုများ ၁ဝ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုအပြီး မြဝတီမြို့တွင် ဖေဖော်ဝါရီ ၇ ရက် မှစ၍ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ လူထုအင်အားအလုံးအရင်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ ရှိခဲ့ပြီး ယင်းနောက်ပိုင်းမှာတော့ ဆန္ဒပြရန်စတင်စုဝေး စဉ်မှာ ပင် စစ်ကောင်စီ သတင်းပေးများကြောင့် ဖမ်းဆီးခံရကာ လက်ရှိတွင် အကျဉ်း ထောင်နှင့် အချုပ်ခန်းများမှတဆင့် အမှုရင်ဆိုင်နေရသူ လူ ၁၀ဝ ကျော် ရှိနေသည်။
၎င်းအပြင် မေလ ၂ဝ ရက် ည ၉း၄၅ အချိန်ခန့်က ညမထွက်ရအမိန့်နှင့် ယာဉ်စစ် ဆေးစဉ် ရပ်တန့်မပေး၍ စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်မှုကြောင့် မြဝတီမြို့အမှတ် ၃ ရပ်ကွက် ငှက်ပျောတောရပ်နေ အသက် ၂၇ နှစ်အရွယ် မဇင်မာဖြူ ဆိုသူမှာ သေဆုံးခဲ့သည်။
ထိုသို့အလားတူပင် မေလ ၂၈ ရက် နေ့လည် ၁၂ နာရီ အချိန်ခန့်ကလည်း မြဝတီမြို့ အမှတ် ၃ ရပ်ကွက် မြဝတီ-မဲ့ထော်သလေး သွားလမ်း မီးလောင်ချောင်း တံတားနေရာတွင် ယာဉ်ရပ်တန့် စစ်ဆေးစဉ် ရပ်မပေး၍ စစ်ကောင်စီအဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ခဲ့သည်။



















