ဇွန်လ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်း ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ၏ အသုံးချခံမဖြစ်စေရန် အ တွက် ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်က ယမန်နေ့(ဇွန်လ ၂) ရက်နေ့တွင် သတိပေးစာထုတ်ပြန်ကြေညာခဲ့သည်။
ပဲခူးတိုင်း မြို့နယ်တချို့တွင် စစ်ကောင်စီအနေဖြင့် စာ/ယဉ်အဖွဲ့ကို လက်ရှိ ကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းသား မိဘများကို ကျောင်းလာအပ်ခိုင်းရန်နှင့် ကရင်စာသင်ရမည်ဟူ၍ စည်းရုံးဖိအားပေးမှုများရှိသည်ဟု ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်မှ ပြောခွင့်ရှိသူတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။
၎င်းက ” ကျနော်တို့ ပဲခူးတိုင်းရဲ့ တချို့နေရာ တွေကတော့ စစ်ကောင်စီရဲ့ လက်အောက်ခံဘက်ကို ရောက် သွားပြီး။ အသုံးချခံဖြစ်သွားပြီး။ တချို့နေရာတွေလည်း စစ်ကောင်စီရဲ့လက် အောက်ခံ အသုံးချခံဖြစ်ဖို့ များလာ တဲ့အတွက်ကြောင့် ဒီထုတ်ပြန်ချက်ကို ထုတ်ရတာ ဖြစ်တယ်။ စစ်ကောင်စီကလည်း လက်ရှိအချိန်မှာ ဖိအားပေးမှုကလည်း များလာတယ်။ ” ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီ၏အသုံးချခံဖြစ်ရသည့် အကြောင်းအရင်းမှာ ပဲခူးတိုင်း၏တချို့သောမြို့နယ် စာ/ယဉ်အဖွဲ့ကို ပြန်လည်ခေါ်ယူဖွဲ့စည်းခြင်းများပြုလုပ်ပြီး ထိုသို့ ဖွဲ့စည်းရာတွင် ယခင် စာ/ယဉ် အဖွဲ့ဝင်များပါဝင်သလို အဖွဲ့ဝင်သစ်များလည်းပါဝင်ကာ အများစုမှာ စစ်ကောင်စီနှင့်နီးစပ်သူများဖြစ်ကြသည်ဟု ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်က ဆိုသည်။
ထို့အပြင် ပဲခူးတိုင်း ကရင်စာ/ယဉ်အဖွဲ့ကို စစ်ကောင်စီ၏လမ်းညွှန်မှုအောက်တွင် ဆက်လက်လုပ်ဆောင်ခြင်း မပြုလုပ်ရန် နှင့် ဆက်လက်လုပ်ဆောင်မည်ဆိုပါက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေ အရပ်ရပ်ကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်က သတိပေးထားသည်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲတွင် ကရင်စာ/ယဉ်အဖွဲ့အနေဖြင့် မိမိတို့ကရင်လူငယ်များ နှင့် ပူးပေါင်းပါဝင်တော်လှန်ပေးကြစေရန်လည်း ပဲခူးတိုင်းကရင်လူငယ်ကွန်ရက်၏ အသိပေးထုတ်ပြန်စာ၌ တိုက်တွန်းထားသည်။
ပဲခူးတိုင်း ကရင်လူငယ်ကွန်ရက်ကို ကရင်လူငယ်အချင်းချင်းချိတ်ဆက်နိုင်ရန်နှင့် ကရင်အမျိုးသားရေးကို ကရင်လူငယ်များကြား နှီးနှောဖလှယ်ပြီး လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကာ ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။



















