Home သတင်း ဝါးခယ်မမြို့နယ်အတွင်း စစ်‌ကောင်စီမှ ‌ကျေးရွာအတွင်း လူသစ်စု‌ဆောင်းမှုများ ပြုလုပ်‌နေ

ဝါးခယ်မမြို့နယ်အတွင်း စစ်‌ကောင်စီမှ ‌ကျေးရွာအတွင်း လူသစ်စု‌ဆောင်းမှုများ ပြုလုပ်‌နေ

4651

ဇွန်လ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြခရိုင်၊ ဝါးခယ်မ မြို့နယ်အတွင်းရှိ ‌ကျေးရွာအချို့တွင် စစ်‌ကောင်စီမှ ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးများကို ‌ခေါ်ယူ၍ ‌ကျေးရွာအတွင်းရှိ လူငယ်အမျိုးသားများကို ‌ခေါ်ယူစု‌ဆောင်းခိုင်း‌နေ‌ကြောင်း ‌ဒေသခံ ‌ကျေးရွာသားများထံမှ သိရသည်။

‌ကျေးရွာအုပ်ချုပ်‌ရေးမှူးမှတဆင့် ‌ကျေးရွာရာအိမ်မှူးများက ‌ကျေးရွာအတွင်းအစည်းအ‌ဝေး ‌ခေါ်ယူ၍ အသက် ၁၈ နှစ် နှင့် ၃၅ နှစ် ဝန်းကျင် အမျိုးသားများကို တစ်ရွာလျှင် ၅ ‌ယောက်စီခန့် စစ်‌ကောင်စီ၏ လူသစ်စု‌ဆောင်းမှုတွင် သွားရမည်ဖြစ်ပြီး မသွားလိုလျှင်လည်း ‌ငွေ‌ကြေး ‌ထောက်ပံ့‌ပေးရမည်ဖြစ်‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက “မ‌နေ့က ရွာထဲက ရာအိမ်မှူးက အစည်းအ‌ဝေး ‌ခေါ်တယ်။ စစ်တပ်က ‌ခေါ်တယ်တဲ့ လူ‌လေးငါး ‌ယောက်‌လောက် သွားရမယ်တဲ့။ မသွားလည်းရတယ်‌ပေါ့။ တကယ်လို့ မသွားချင်ရင် သူတို့ ‌ခေါ်ထားတဲ့ လူ‌တွေ ရှိတယ်။ အဲ့လူ‌တွေအတွက် တစ်အိမ်‌ထောင်ကို ငါး‌ထောင်၊ တစ်‌သောင်း ပိုက်ဆံ ‌ထောက်ပံ့ရတယ်။ ရွာက လူ‌တွေက မသွားချင်ကြ‌တော့ မဲနှိုက်ခိုင်းပြီး သွားခိုင်းတာ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ စစ်‌ကောင်စီမှ လူသစ်စု‌ဆောင်းခိုင်းရာတွင် ပြည်သူ့စစ်အဖြစ် အမှုထမ်းရမည်ဟု ကြားသိရသလို ‌ပေါ်တာဆွဲသည့် ပုံစံမျိုးလည်း ဖြစ်‌နေ‌ကြောင်း ၎င်း‌ဒေသခံက ဆက်လက်‌ပြောဆိုပြီး ၎င်း‌ကျေးရွာအ‌နေဖြင့် တစ်ဦးတစ်‌ယောက်မျှ မသွားချင်ကြဘဲ ‌ငွေ‌ကြေး ‌ထောက်ပံ့မှုမျိုးသာ လုပ်‌ဆောင်‌ပေးရန် အများစု ဆန္ဒရှိကြသည်ဟု ဆက်‌ပြောသည်။

၎င်းလူသစ် စု‌ဆောင်းမှုမျိုးကို လက်ရှိ ဝါးခယ်မမြို့နယ်အတွင်းရှိ ‌ကျေးရွာအ‌တော်အများတွင် လုပ်‌ဆောင်‌နေပြီး မည်သည့် စစ်‌ကောင်စီ တပ်ရင်းတပ်ဖွဲ့မှ ‌ခေါ်ယူ စု‌ဆောင်း‌နေ‌ကြောင်း ‌ဒေသခံ ‌ကျေးရွာသားများမှ မသိရှိကြသလို ယခုလို လူသစ်စု‌ဆောင်း‌ခေါ်ယူမှုအ‌ပေါ်တွင်လည်း စိုးရိမ်မှုများရှိ‌နေကြသည်ဟု ‌ဒေသခံများက ဆိုသည်။

ယခုလူသစ် စု‌ဆောင်း‌ခေါ်ယူမှုခံရသည့် ‌ကျေးရွာအများစုမှာ ဝါးခယ်မ မြို့နယ်အတွင်းရှိ ကရင်‌ကျေးရွာ အများစုတွင် ဖြစ်‌ပေါ်‌နေပြီး ၎င်းလုပ်ရပ်များအ‌ပေါ် ကရင်လူငယ်များအ‌နေဖြင့် အထူးသတိထားကြရန်နှင့် အပြင်းအထန် ရှုတ်ချ‌ကြောင်းလည်း ဧရာဝတီကရင်လူငယ်ဦး‌ဆောင်‌ကော်မတီ အဖွဲ့ဝင်တစ်ဦးက ယခုလို ‌ပြောသည်။

“အခုလို ဖြစ်‌ပေါ်မှု‌တွေက ကရင်‌ကျေးရွာ‌တွေကို ပစ်မှတ်ထား လူစု‌နေတာကို ကျ‌နော်တို့ မြစ်ဝကျွန်း‌ပေါ်‌ဒေသ မှာရှိတဲ့ ကရင်လူထု‌တွေ၊ လူငယ်‌တွေအ‌နေနဲ့ အထူးသတိထားဖို့လိုတယ်။ ကျ‌နော်တို့ ‌ကော်မတီအ‌နေနဲ့ကလည်း အကြမ်း ဖက်စစ်‌ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ မြစ်ဝကျွန်း‌ပေါ်မှာရှိတဲ့ ကရင်လူထု‌တွေကို တိုက်တွန်းထားပြီးဖြစ်သလို အခုလို စု‌ဆောင်း‌ရေး လုပ်‌ဆောင်မှုကိုလည်း လုံးဝ ရှုတ်ချတယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ အ‌ခြေအ‌နေအ‌ပေါ် ‌စောင့်ကြည့်‌လေ့လာပြီး ယခုထက် အ‌ခြေအ‌နေဆိုးဝါးမှုများ ဖြစ်‌ပေါ်လာပါက ကရင်လူထုများအ‌နေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်သွားရန် ပြင်ဆင်သင့်‌ကြောင်း နှင့် စစ်‌ကောင်စီ ၏ ယခုလုပ်‌ဆောင်သည့် စု‌ဆောင်း‌ရေးအပြင် ၎င်းတို့၏ အုပ်ချုပ်‌ရေး ကိစ္စရပ်များတွင် လုံးဝပါဝင်လုပ်‌ဆောင်ခြင်းမျိုး မပြုရန်လည်း ၎င်းက ဆက်လက်တိုက်တွန်း‌ပြောဆိုခဲ့သည်။

လတ်တ‌လောအချိန်ထိ စစ်‌ကောင်စီ၏ လူသစ်စု‌ဆောင်းမှုမျိုးကို ဧရာဝတီတိုင်း‌ဒေသအတွင်း ဝါးခယ်မမြို့နယ် အတွင်းသာ ဖြစ်‌ပေါ် ‌နေ‌ကြောင်း ကြားသိရ‌သေးပြီး ကျန်မြို့နယ် ‌ဒေသများတွင် အလားတူ စု‌ဆောင်းမှုမျိုး မကြားသိရ‌သေး‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။