ဇွန်လ ၂ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မေလ ၃ဝ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည့် ထိုင်းစစ်တပ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် စားနပ်ရိက္ခာများ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU၏ ပြန်ကြားရေး သူးလေသတင်းစဉ်၏ ဖော်ပြချက်မှာ သတင်းအမှားသာဖြစ်ကြောင်း KNU တပ်မဟာ(၅)ဘက်က ကေအိုင်စီသို့ ပြန်လည်ရှင်းလင်း ပြောဆိုလာခဲ့သည်။
KNU တပ်မဟာ(၅) နယ်မြေအတွင်း မေလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ထိုင်းစစ်တပ်မှ ၎င်းတို့၏ နယ်ခြားကင်းလှည့်ရေယာဉ် နှင့် Honda စက်တပ်ရေယာဉ်များကို အသုံးပြု၍ သံလွင်မြစ်ကြောင်းအတိုင်း စစ်ကောင်စီ တပ်စခန်းများသို့ ရိက္ခာများ ကူညီပို့ ဆောင်ပေးခဲ့ကြောင်း သူးလေသတင်းစဉ်က ဖော်ပြထားပြီး ၎င်းသည် သတင်းအမှားသာဖြစ်ကြောင်း KNU တပ်မဟာ (၅)ဘက်က ယခုလို ပြန်လည်ရှင်းလင်းပြောဆိုသည်။
KNU တပ်မဟာ (၅) ၏ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒို့က “အမှန်က ကျနော်တို့ နောက်တန်းမှာရှိနေတဲ့ ရဲဘော်တွေက အဖွဲ့အစည်းကသတ်မှတ်ထားတဲ့ ပုံစံအတိုင်း သတင်းကို ကောက်ယူတာမျိုးမဟုတ်ဘဲ ဒေသခံ ကျေးရွာ သားတွေ လူမှုကွန်ရက်စာမျက်နှာမှာတင်တဲ့ သတင်းတွေကို ယူသုံးပြီး ပြန်တင်တဲ့အတွက် သတင်းအမှားတွေ ဖြစ်ကုန်တာပါ။ ဒေသခံ ရွာသားတွေက ဒီကိစ္စကို သေသေချာချာ သိတာမဟုတ်ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလို သတင်းအမှားဖြစ်ရခြင်းကို နယ်ခြားရှိ ၎င်းတို့၏ တာဝန်ရှိသူတစ်ဦးမှ သွားရောက်စုံစမ်း အတည်ပြုခိုင်းရာတွင် ယခုထွက်ပေါ်လာသည့် သတင်းမှာ ဒေသခံရွာသားများမှ လူမှုကွန်ရက်တွင်တင်ထားသည့် သတင်းအမှားသာဖြစ်ကြောင်း နှင့် ထိုင်းစစ်တပ်ဘက်ကလည်း ငြင်းဆိုထားသလို ထိုင်းစစ်တပ်နှင့် နီးစပ်သူများကလည်း ထိုင်းစစ်တပ်မှ ထိုသို့ ကူညီပို့ ဆောင် ပေးခြင်းမျိုးမရှိဘဲ စစ်ကောင်စီ ကိုယ်တိုင် ပို့ဆောင်ခြင်းသာဖြစ်ကြောင်း ပြောဆိုသည်ဟု ဒုတိယဗိုလ်မှူးကြီး စောက လယ်ဒို့က ဆက်ပြောသည်။
အလားတူ ထိုင်းစစ်တပ်ဘက်မှလည်း KNU ဘက်ကို ဆက်သွယ်လာ၍ ထိုသို့ကူညီပို့ဆောင်ပေးမှုမျိုး မလုပ်ကြောင်း နှင့် ၎င်းတို့၏ အထက်အရာရှိများမှလည်း ညွှန်ကြားထားမှုမျိုးမရှိကြောင်း တရားဝင် ဆက်သွယ်ပြောဆိုလာသည်ဟု KNU တပ်မဟာ (၅)ဘက်က ဆိုသည်။
ယခုလို သတင်းအမှားမျိုး နောက်ထပ်မဖြစ်ပွားအောင် သတင်းရယူနေသူများကို သတင်းအချက်အလက်များအား သေချာစိစစ်သွားရန် ထပ်မံညွှန်ကြားထားပြီး ချိတ်ဆက်ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင် သွားမည်ဖြစ်သလို ဒေသခံကျေးရွာသားများနှင့် လူမှုကွန်ရက်အသုံးပြု၍ သတင်းအချက်အလက် ဝေမျှနေသူများအနေဖြင့် အလားတူ သတင်းအမှားမျိုး ဖြန့်ဝေခြင်းမျိုးမလုပ်ဆောင်ရန်လည်း KNU တပ်မဟာ (၅)ဘက်က မေတ္တာရပ်ခံပြောဆိုခဲ့သည်။
“ဒီလို သတင်းမှားထုတ်ပြန်မိတဲ့အတွက် ထိုင်းတာဝန်ရှိသူတွေကိုလည်း ကျနော်မေတ္တာရပ်ခံချင်တယ်ပေါ့နော်။ ဒီလိုသတင်းအမှားမျိုး ထပ်မဖြစ်အောင်တော့ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ် ”ဟု ကေအဲန်ယူ တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။
ထိုင်းစစ်တပ်မှ မေလ ၂၄ ရက်နေ့မှ ၂၈ ရက်အတွင်း ကင်းလှည့်ရေယာဉ် ၄ စီးဖြင့် ၉ ခေါက် နှင့် အရပ်သားသုံး စက်တပ်ရေ ယာဉ်တစ်စီးဖြင့် ၈ ခေါက် ပို့ဆောင်ပေးခဲ့သည်ဟု ယခင်သတင်းတွင်ဖော်ပြထားပြီး ၎င်းကိုလည်း KNU တပ်မဟာ (၅) ပြောခွင့်ရ ဒု ဗိုလ်မှူးကြီး စောကလယ်ဒို့က အောက်ခြေမှ ၎င်းကဲ့သို့ သတင်းပေးပို့ခဲ့ကြောင်းလည်း ကေအိုင်စီကို အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရိက္ခာကူညီ ပို့ဆောင်မှုတွင် နှစ်နိုင်ငံနယ်ခြား သံလွင်မြစ်ကြောင်းအတိုင်းမှနေ၍ စစ်ကောင်စီ၏ ရီးကြာထာ စခန်းမှ စ၍ KNU မူတြော်(ဖာပွန်) ခရိုင်၊ လူသောမြို့နယ်၊ ကော်လူဒဲ ကျေးရွာအုပ်စုရှိ လယ်စေးရှိ စစ်ကောင်စီ တပ်စခန်းများသို့ ပို့ဆောင် ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း KNU၏ သူးလေသတင်းစဉ်၏ မေလ ၃ဝ ရက်နေ့ ညပိုင်းထုတ်ပြန်ဖော်ပြချက်တွင် တွေ့ရသည်။



















