ဇွန်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အနောက်ဒေါနဘက်ခြမ်း မုလအိတောင်ခြေတစ်လျှောက် ကျေးရွာ များပေါ်တွင် ယမန်နေ့(ဇွန်လ ၁) ရက်နေ့ ည (၁) နာရီကျော်အချိန်ခန့်က လေယာဉ်တစီး လာရောက်ပျံဝဲသည့် အတွက် ပစ်ခတ်မှုများ ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်ဟု သိရသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ” မနေ့ည ၁ နာရီခွဲလောက်မှာ လေယာဉ်တစ်စီးလာတယ်။ အရင်က တခါမှမလာဖူးဘူး။ အကြာကြီးပဲ လာဝဲတယ်။ ကော့ကရိတ်ကနေ ကျနော်တို့ရွာဘက်လာပြီး မုလအိ တောင် ဘက်ခြမ်းပြန်သွားပြီး ပျောက်သွားတယ်။ ရွာလူကြီးတွေ ပြောင်းအိပ်ခိုင်းလို့ ရွာသား တွေကလည်း ရှောင်အိပ် ရတာ ၃ ရက်လောက်ရှိပြီ။ လာပစ်ဖို့ရှိလား၊ မရှိဘူးလားတော့ သေချာ မသိဘူး။ လူကြီးတွေကတော့ ကျင်းပုန်းတွေကြိုတူးထားတာ ရှိတယ်။ ” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် မုလအိ တောင်ခြေရွာ တရွာဖြစ်သည့် ကျိတ်ကျေးရွာတွင် စစ်ကောင်စီတပ်စခန်းတစ်ခုရှိသည့်အတွက် စခန်းအနီးတွင် နေထိုင်သည့်နေအိမ်များအနေဖြင့် ညအချိန်တွင် ပြောင်းရွှေ့အိပ်ကြရန်နှင့် ကျင်းပုန်းများတူး ထားကြရန် ကျေးရွာတာဝန်ရှိသူများမှ ကြိုတင်အသိပေး နှိုးဆော်မှုများလည်းရှိသည်ဟု ရွာသားများထံမှ သိရသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သတ်မှတ်ချက်အရ ကော့ကရိတ်မြို့နယ်တွင်ရှိပြီး မြန်မာအစိုးရ သတ်မှတ်ချက်အရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်ရှိသည့် မုလအိတောင်ခြေဒေသတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းတပ်ဖွဲ့များအပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)တပ်ဖွဲ့များ လှုပ်ရှားလျက်ရှိသည်။




















