Home တွေ့ဆုံမေးမြန်းခန်း မြဝတီတောင်ဘက် ပစ်ခတ်မှုအခြေအနေနှင့်ပတ်သက်၍ KNDO စစ်ဦးစီးချုပ်နှင့်မေးမြန်းချက်

မြဝတီတောင်ဘက် ပစ်ခတ်မှုအခြေအနေနှင့်ပတ်သက်၍ KNDO စစ်ဦးစီးချုပ်နှင့်မေးမြန်းချက်

20011

မြဝတီတောင်ဘက် ပစ်ခတ်မှုအခြေအနေနှင့်ပတ်သက်၍ KNDO စစ်ဦးစီးချုပ်နှင့်မေးမြန်းချက်

“ ကရင်လက်နက်ကိုင်အဖွဲ့အားလုံး ဒီကာလမှာ ကိုယ့်ကိုယ်ကို ကရင်မှန်းတော့ သိဖို့အချိန်ကျပြီ။ ”

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးနှင့် ဝေါ်လေဒေသများတွင် စစ်ကောင်စီတပ်နှင့် ခွဲထွက်(DKBA) အဖွဲ့ ဦးဆောင်သည့် ပူးပေါင်းလက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ ပစ်ခတ်မှုအတွင်း ပါဝင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO)မှ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး- ဖလူးနဲ့ဝေါ်လေဘက်မှာဖြစ်ပေါ်ခဲ့တဲ့ စစ်ကောင်စီတပ်နှင့် ခွဲထွက်(DKBA)အပြင် KNDO ပါ ပါဝင်တဲ့ ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ရတဲ့ အခြေအနေလေးကို ရှင်းပြပေးပါအုံး။
ကျနော်တို့ လှုပ်ရှားမှုက အရင် စစ်ဦးစီးချုပ်ကနေ ထုတ်ပြန်ထားတဲ့ စာတစ်ခုရှိတယ်။ ၂၀၂၀ အကုန်မှာ ကျနော်တို့ နယ်မြေမှာတပ်စွဲထားတဲ့ စစ်တပ်တွေအကုန်လုံး ပြန်ဆုတ်ပေးဖို့ ထုတ်ပြန်ထားတာရှိတယ်။ ဒီအပေါ်မှာ ကျနော်တို့က တာဝန်ရှိတဲ့အတွက် ကျနော်တို့ KNDO ကော၊ ဗိုလ်ချုပ်ကျော်သက်ကော စုပေါင်း ပြီးတော့မှာ ဒီအချိန်ကာလက ကိုယ့်နယ်မြေမှာရှိတဲ့ ရန်သူတွေအားလုံးကို စတင်ရှင်းလင်းဖို့ အချိန်ကောင်းပဲ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က ပေါင်းပြီးတော့ စလုပ်လိုက်တာပဲ။ ဗိုလ်ချုပ်ကျော်သက်ကတော့ ဖလူးဘက်မှာ လုပ်တာပေါ့။ ကျနော်တို့ကျတော့ ဝေါလေဘက်မှာ လုပ်တာပေါ့။ ဘာဖြစ်လို့လဲဆိုရင် အဲ့မှာ ရဲစခန်းကော လမ်းလုပ်တဲ့ ကားနေရာတွေကော အကုန်ရှင်း လိုက်တယ်။ ဘာဖြစ်လဲဆိုတော့ ဒီလမ်းဖောက်လုပ်ထားတာကလည်း ရန်သူကနေ သူတို့ အင်အားကို သယ်ယူပို့ဆောင်ဖို့ပဲဖြစ်တယ်။ အဲ့အတွက် ကျနော်တို့ KNDO တပ်စခန်းတစ်ခုကို သူတို့ ပြန်တက်ပြီး တိုက်တယ်။ အခုက ပစ်ခတ်မှု ဖြစ်နေတုန်းပဲ။ မနေ့က ၁၂၀ မမ လက်နက်ကြီးကို ၂ နာရီ ၃ နာရီကြာလောက်အောင် ပစ်တယ်။ ဒါပေမဲ့ ကျနော်တို့ လူတွေ ထိခိုက်တာမျိုးတော့မရှိဘူး။

မေး- ဇွန်လ ၁ရက်နေ့ကစပြီး ဖြစ်တဲ့ ကိစ္စမှာ နှစ်ဖက် ထိခိုက် ကျဆုံးမှု အခြေအနေလေးကော ပြောပြပေးပါလား။
နှစ်ဖက် ထိခိုက်မှုကတော့ ဟိုဘက်ကလည်း ထိခိုက်ကျဆုံးတာရှိတယ်။ ကျနော်တို့ဘက်ကတော့ ကြီးကြီးမားမား ထိခိုက်တာမျိုးတော့မရှိဘူး။ ဒါကိုတော့ တိတိကျကျ မပြောချင်တော့ဘူး။

မေး- ဆက်လက်ပြီး တိုက်ပွဲအနေအထားတွေက ဘယ်လိုရှိလာနိုင်သလဲ။
လတ်တလော ကာလအရ ပိုပြီးတော့ တိုက်ပွဲတွေက ပြင်းထန်လာဖို့ရှိတယ်။ အဲ့ဒါကြောင့် အမျိုးသားရေးအတွက် လက်နက်ကိုင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့အားလုံး ဒီကာလမှာ ကိုယ့်ကိုယ်ကို ကရင်မှန်းတော့ သိဖို့အချိန်ကျပြီ။ ကိုယ့်အမျိုးသားရေး အလုပ်ကို လုပ်ရမှာဖြစ်သလို ကိုယ့်နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီ တပ်အားလုံးကို မောင်းထုတ်ဖို့ အချိန်ကျပြီးဖြစ်တယ်။ ဒီကာလမှာလည်း ပြည်သူလူထုက စစ်ကောင်စီကို မကြိုက်ကြတဲ့အတွက် အတူတကွ သတ္တိရှိရှိ စုစည်းညီညွတ် လုပ်ဆောင်ဖို့ လိုပြီ။ လက်နက်ကိုင်တဲ့ ကရင်အဖွဲ့အစည်းတွေကိုလည်း ပြောချင်တာက စစ်ကောင်စီနဲ့ လက်တွဲလုပ်ဆောင်တာတွေကို ရပ်တန့်ဖို့ လိုပြီး။ ကိုယ့်နယ်မြေ ကိုယ့်လွတ်လပ်မှုအတွက် လုပ်ဖို့ အချိန်ကျပြီး။

မေး- ဒေသခံ ပြည်သူလူထုတွေရဲ့ ထွက်ပြေး တိမ်းရှောင်နေရတဲ့အခြေအနေအပေါ်မှာကော ဘယ်လို ပြင်ဆင် လုပ်ဆောင်ပေးလဲ။
တိုက်ပွဲဖြစ်တဲ့ကာလမှာတော့ ပြည်သူတွေအနေနဲ့ တိမ်းရှောင်နေရတာမျိုးရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့က စစ်ကောင်စီ တပ်ကိုပဲ အဓိက ပစ်မှတ်ထားတာဖြစ်တဲ့အတွက် နှစ်ဖက်ထိတွေ့မှုရှိလာတော့ တိမ်းရှောင်ရ တာမျိုးရှိတာပေါ့။ ဒါမျိုးကို နှစ်ပေါင်းများစွာ ကြုံတွေ့ဖူးလာခဲ့ပြီးဖြစ်တဲ့အတွက် သူတို့အနေနဲ့ ပြင်ဆင်မှုလေးတွေ လုပ်ထားကြတာရှိတာပေါ့။ ဒါမျိုးကတော့ ရှိမှာပဲ။ ဒေသခံကျေးရွာအတွက် လုံခြုံရေးက အဲ့လောက်ထိစိုးရိမ်စရာမရှိပါဘူး။ ဒီကနေ့ အချိန်ထိလည်း ထိခိုက်တာမျိုးမကြားရသေးဘူး။

မေး- လက်ရှိ အဲ့မှာဖြစ်နေတဲ့ တိုက်ပွဲရဲ့ နောက်ဆုံးအခြေအနေလေးတွေကို သိပါရစေ။
မနေ့က ညပိုင်း ကျနော်တို့သွားပစ်တော့ သူတို့ကကြောက်တာလား စိုးရိမ်တာလားမသိဘူး လက်နက်ကြီး ၂နာရီ ၃နာရီ လောက်ပစ်တယ်။ နှစ်ကြိမ်လောက်ပစ်တယ်။ ကနဲလေးဘက်က ကျနော်တို့ တပ်ထိုင်တဲ့ နေရာလောက်မှာပစ်တာ။ အလုံး ၂၀ ၊ ၃၀ လောက်ရှိမယ်။ အခုဒီနေ့က သူတို့ဘက်က တက်လာတယ်ကြားလို့ ကျနော်တို့ ကတော့ အဆင်သင့်စောင့်နေတယ်။ တိုက်ပွဲဖြစ် မဖြစ်တော့ စောင့်ကြည့်ရအုံးမယ်။

မေး- နောက်ဆုံး ဘာဖြည့်စွက်ပြောချင်သေးလဲ။
အခုကာလက ကျနော်တို့ ကရင်အတွက် အချိန်အခါကောင်းပဲ။ စစ်ကောင်စီကို ယုံဖို့ မလိုသလို စစ်ကောင်စီပြော တာကို နားထောင်စရာလည်းမလိုဘူး။ NCA နဲ့ဆက်အလုပ်လုပ်တာက အချိန်ဖြုန်းတာပဲ။ NCA က ပျက်တာကြာ ပြီး။ ဒါကြောင့် ကိုယ့်ရဲ့ မိခင် ကေအဲန်ယူ၏ မူဝါဒ လမ်းစဉ်အတိုင်း မားမား မတ်မတ် ရပ်တည်ပြီး စည်းစည်း လုံးလုံး နဲ့ အတူတကွ လုပ်ဆောင်ဖို့လိုပြီ။ ကိုယ့်လွတ်မြောက်ရေး ကိုယ့်အခွင့်အရေးက ကိုယ့်လက်ထဲမှာပဲ ရှိတယ်။