Home သတင်း ယာဒို‌ကျေးရွာတွင် စစ်‌ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် တပ်ဆွဲလာ‌သော‌ကြောင့် ‌ဒေသခံများ စိုးရိမ်၍ တိမ်း‌ရှောင်မှုရှိ‌နေ

ယာဒို‌ကျေးရွာတွင် စစ်‌ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် တပ်ဆွဲလာ‌သော‌ကြောင့် ‌ဒေသခံများ စိုးရိမ်၍ တိမ်း‌ရှောင်မှုရှိ‌နေ

3294
Photo: CJ

ဇွန်လ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ် ယာဒို‌ကျေးရွာဘက်သို့ ယမန်‌နေ့(ဇွန်လ ၇)ရက်‌နေ့က စစ်‌ကောင်စီဘက်မှ တပ်အင်အား အလုံးအရင်းဖြင့် ဝင်‌ရောက်တပ်စွဲလာ‌သော‌ကြောင့် ‌ဒေသခံ ‌ကျေးရွာသားများ စိုးရိမ်မှုများရှိ‌နေပြီး ထွက်‌ပြေးတိမ်း‌ရှောင်သူတချို့ရှိ‌နေသည်ဟု ‌ဒေသခံများက ‌ပြောသည်။

စစ်‌ကောင်စီ၏ တပ်မ (၆၆) တပ်ဖွဲ့ဝင်များသည် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှတဆင့် လိပ်သိုမြို့အ‌ခြေစိုက် ‌ခြေမြန်တပ်ရင်း (ခမရ-၆၀၃) တွင် ရပ်နားပြီး‌နောက် ယမန်‌နေ့(ဇွန် ၇)ရက်‌နေ့တွင် ‌သောက်‌ရေခပ်-ယာဒိုဘက် ကိုဆက်တက်လာပြီး ယ‌နေ့အချိန်ထိ တပ်စွဲထား‌ကြောင်း ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက ” ဇွန်လ ၆ ရက်‌နေ့မှာ လိပ်သို ခမရ(၆၀၃) မှာ တစ်ညအိပ်တယ်။ ၇ ရက်‌နေ့ မနက် ၇ နာရီခွဲမှာ ယာဒို ဘက်ကို ကားဆက်‌မောင်းသွားတယ်။ သူတို့ဖြတ်လာတဲ့လမ်းတ‌လျှောက် ရွာသား‌တွေက ‌ကြောက်‌နေ ကြတယ်။ ဒီလို စစ်သားအလုံးအရင်းတက်လာတာ မရှိဖူးဘူးဆို‌တော့။ တချို့ရွာသား ‌တွေက တိုက်ပွဲဖြစ်‌တော့မယ်ဆို‌ပေမဲ့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ဒီရဲ့နယ်‌မြေမှာပဲ ဆက်‌နေမယ်‌ပေါ့။ တချို့ရွာသား‌တွေကလည်း ပစ္စည်း‌တွေ ထားပြီး‌တော့ ‌တောထဲကို ထွက်‌ပြေးတဲ့သူ‌တွေရှိတယ် ” ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် ယခုလို တပ်စွဲလာခြင်းမှာ နယ်‌မြေစိုးမိုး‌ရေးအတွက်ဖြစ်နိုင်‌ကြောင်း၊ စစ်အာဏာရှင်ကို အများက လက်မခံသလို ၎င်းတို့အ‌နေဖြင့်လည်း လက်ခံခြင်းမရှိ‌ကြောင်းလည်း ၎င်း‌ဒေသခံက ဆက်‌ပြောသည်။

Photo: CJ

စစ်‌ကောင်စီတပ်များသည် လက်ရှိတွင် ‌ရှေ့ဆက်သွားရန် တံတားကျိုး‌နေသည့်အတွက် ‌ရှေ့ဆက်မသွားဘဲ စခန်းချ ရပ်နားထားပြီး စစ်ကားအလွတ်တချို့မှာ ယမန်‌နေ့ည‌နေက လိပ်သိုမြို့သို့ ပြန်ဆင်းသွားသလို ယ‌နေ့နံနက် ၈ နာရီခွဲတွင်လည်း စစ်ကားအလွတ်(၁၅) စီးခန့်မှာ ပြန်ဆင်းသွားပြီးဖြစ်သည်ဟု သိရသည်။ (လူမပါသည့်စစ်ကား)

ယခုလို စစ်‌ကောင်စီတပ်များအင်အားအလုံးအရင်းဖြင့် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တို့၏ နယ်စပ်ဖြစ်သည့် ယာဒိုဘက်တွင် တက်လာခြင်းသည် လက်ရှိ ကရင်နီပြည်နယ်တွင် ဖြစ်ပွား‌နေသည့် ပြည်သူ့ ကာကွယ်‌ရေးတပ် (PDF) အဖွဲ့နှင့် စစ်‌ကောင်စီတိုက်ပွဲအတွက် အင်အားဖြည့်‌ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟု ‌ဒေသခံများက ယူဆကြသည်။

ယာဒို‌ကျေးရွာသည် ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်တွင် တည်ရှိပြီး ကရင်အမျိုးသားအစည်းအရုံး-KNU ‌တောင်ငူခရိုင် ( တပ်မဟာ -၂) ထိန်းချုပ်နယ်‌မြေတွင် ရှိသည်။