မေလ ၃၁ ရက် ၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း မေလ ၂၄ ရက်မှစ၍ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံလက်ခံချိန် သီတင်းပတ်အတွင်း ကျောင်းသားဦးရေ၏ ၃ဝ ရာခိုင်နှုန်းခန့်သာ ကျောင်းအပ်နှံမှု ရှိကြောင်း သိရသည်။
ယခု ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ်တွင် မြဝတီခရိုင်အတွင်း ကျောင်းအပ်နိုင်မည့် ကျောင်းသူ/သား ဦးရေ ၃၈,၇၅၁ ဦးရှိပြီး ယနေ့ မေလ ၃၁ ရက်နေ့ထိ လာရောက် သူမှာ ၁၀,၀၀ဝ ကျော်ရှိရာ ၃ဝ ရာခိုင်နှုန်းခန့်သာ ကျောင်းလာရောက် အပ်နှံမှုရှိ သည်ဟု မြဝတီမြို့နယ် ပညာရေးမှူး ဦးမြင့်ဦးက ပြောသည်။
မြဝတီခရိုင်အတွင်း ကျောင်းပေါင်း ၁၀၉ ကျောင်းရှိသည့်အထဲတွင် လက်ရှိ ၈၉ ကျောင်းသာ ဖွင့်လှစ်နိုင်ပြီး ဌာနေတိုင်းရင်းသား စိုးမိုးရာ နယ်မြေများရှိ ကျောင်း ပေါင်း ၂ဝ ခန့်မှာ လက်ရှိအခြေအနေအရ ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း ၊ မြဝတီ ခရိုင်အတွင်း ကျောင်းဆရာ/ဆရာမ ၁,၂၀ဝ ကျော်ရှိသည့်အနက် ထိုထဲမှ အာဏာဖီဆန်မှု (CDM )ဆောင်ရွက်သူ ၃၀ဝ ဝန်းကျင်ရှိသော်လည်း လက်ရှိ ကျောင်းအပ်နှံသည့် ကျောင်းသား/သူ ဦးရေ နှင့် ချိန်ဆလျှင် သင်ကြားရေးပိုင်း၌ လုံလောက်မှုရှိသည်ဟု မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက ပြောသည်။
” မြဝတီခရိုင်ထဲမှာတော့ ကျောင်းများတွင် စာကပ် စာရေး ခြိမ်းခြောက်မှုများ ရှိပေမယ့် အခြားမြို့များကဲ့သို့ ဖောက်ခွဲဖျက်ဆီးတဲ့ အကြမ်းဖက် အသွင်တော့ မရှိ သေးပါဘူး။ ထိုသို့ မဖြစ်စေရန်လည်း လုံခြုံရေးအဖွဲ့စုံဖြင့် စောင့်ကြည့်လျက်ရှိပြီး ယခု ကိုဗစ်ကာလ စည်းကမ်းချက်များနှင့် အညီ ကျောင်းကို ဖွင့်လှစ်သွားမှာပါ။ ဒါကြောင့် ကျောင်းသားမိဘများ အနေဖြင့် မိမိ၏ ရင်သွေးငယ်များကို ကျောင်း အပ်နှံမှုပြုကြစေလိုပါတယ်။ ” ဟု မြို့နယ် ပညာရေးမှူး ဦးမြင့်ဦးက ပြောသည်။

မြဝတီခရိုင်တွင် ကျောင်းအပ်လက်ခံခြင်းကာလကို မေလ ၃၁ ရက်နေ့ နောက်ဆုံး သတ်မှတ်ထားသော်လည်း ယင်းနေ့ နောက်ပိုင်း ရက်များတွင် ကျောင်းအပ် လက်ခံခြင်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဟုလည်း သိရှိရသည်။
ယနေ့ နိုင်ငံရေး မငြိမ်သက်မှုကြားတွင် ကိုဗစ်ရောဂါ ရှာဖွေ ထိန်းချုပ်မှုများလည်း ယခင်လို မပြုလုပ်နိုင်သည့် အခြေအနေကြောင့် မိမိရင်သွေးငယ်များကို ကျောင်းကိုလွှတ်ပြီး မိဘက အိမ်မှာနေရင်း စိတ်ပူနေရမည့် အဖြစ်မျိုးကို မလို လား၍ ကလေးများကို ကျောင်းအပ်နှံမှု မပြုလုပ်တော့ကြောင်း ကျောင်းသား မိဘတစ်ချို့က ပြောဆိုကြသည်။
အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦးက “လက်ရှိ နိုင်ငံရေးမငြိမ်မသက်မှု ကြားမှာ ကလေးတွေကို ကျောင်းပေးတက်ဖို့က မိဘတစ်ယောက် အနေနဲ့ ဘယ် လိုမှ စိတ်မချပါဘူး။ ဒါ့အပြင် Covid-19 ရောဂါပိုးကလည်း အိမ်နီးချင်း ထိုင်းနိုင်ငံမှာ နေ့စဉ်ထောင်နဲ့ချီ၍ ကူးစက်ပျံ့နှံ့မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာလည်း ထိုင်းလို ကူးစက်ပျံ့နှံ့မှု မရှိနိုင်ဘူးလို့ ပြောဖို့ခက်ပါတယ်။”ဟု ပြောသည်။
ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း စစ်အာဏာသိမ်းပြီးနောက် ၎င်းတို့၏ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသောကြောင့် အာဏာဖီဆန်မှု(CDM) လှုပ်ရှားမှုတွင် ပါဝင်သည့် ပညာရေးဝန်ထမ်း ၃၀ဝ ခန့်ရှိရာ ၎င်းတို့အား အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း ယမန်နေ့ မေလ ၃ဝ ရက်နေ့က ပညာရေးဌာနက စာထုတ်ထားသည်ဟု သိရသည်။



















