မေလ ၂ဝ ရက်၊ ၂ဝ၂၁ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (မွန်ပြည်နယ်ရေးမြို့နယ်) တောင် နောက်ခြမ်းဒေသ ကျောင်းရွာအုပ်ချုပ်ရေးမှူးရုံးတွင် မေလ ၁၉ ရက်နေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်တစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတို့ ထိခိုက်ဒဏ်ရာရသွားကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
“ ည ၈ နာရီအချိန်မှာ အုပ်ချုပ်ရေးမှူးရုံးရှေ့ ဆိုင်းဘုတ်နားမှာ ဗုံးပေါက်ကွဲတယ်။ အုပ်ချုပ်ရေးမှူးက ဘယ်ဖက် လက်နဲ့ နို့အုံနားမှာ ထိတယ်။ ပြည်သူ့စစ်က ခြေတောက်ထိတယ်။ မုန့်ရောင်းတဲ့အဖွားကြီးတစ်ဦးနဲ့ ၃ နှစ်အရွယ်ကလေးငယ်ကတော့ အခြေအနေစိုးရိမ်ရလို့ မော်လမြိုင်ဆေးရုံမှာ ပို့ထားတယ်” ဟု အမည်မဖော် လိုသူ ကျောင်းရွာတာဝန်ရှိသူတစ်ဦးက ယနေ့ (မေ ၂ဝ ရက်)တွင် ကေအိုင်စီသို့ပြောသည်။
ကျောင်းရွာအုပ်ချုပ်ရေးမှူး ဦးရွှေဇင်(ခ) ငတူးသည် ပြီးခဲ့သည့် ၂ လက စစ်ကောင်စီမှ ခန့်အပ်ထားသူဖြစ်ပြီး ၎င်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့က လုံခြုံရေးကိစ္စဆောင်ရွက်ရန် အုပ်ချုပ်မှူးရုံးတွင် ညှိနှိုင်းတိုင်ပင်မှုပြုလုပ်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ဝင်းရေးမြို့နယ် တောင်နောက်ခြမ်းဒေသတွင် စစ်ကောင်စီအား အလိုမရှိသည့်အတွက် ဆန္ဒထုတ်ဖော်မှု နေ့စဉ်ပြုလုပ်လျက်ရှိပြီး ယခုဗုံးပေါက်ကွဲဖြစ်စဉ်အပေါ် မတရားဖမ်းဆီးခံရမည်ကို စိုးရိမ်နေရသည်ဟု ရွာသားများက ပြောသည်။