Home သတင်း စစ်‌ကောင်စီတပ်စခန်းအချို့ ဆုတ်ခွာပြီး တပ်စခန်းကြီးများနှင့် သွား‌ရောက်ပူး‌ပေါင်းခဲ့ဟု KNU ‌ပြော

စစ်‌ကောင်စီတပ်စခန်းအချို့ ဆုတ်ခွာပြီး တပ်စခန်းကြီးများနှင့် သွား‌ရောက်ပူး‌ပေါင်းခဲ့ဟု KNU ‌ပြော

13320

‌မေလ ၁၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်(ဖာပွန်)ရိုင် တပ်မဟာ(၅)နယ်‌မြေအတွင်းရှိ စစ်‌ကောင်စီတပ် ‌ခြေ ကုတ်စခန်းအချို့ စခန်းဆုတ်ခွာပြီး အနီးအနားရှိ တပ်စခန်းကြီးများနှင့် သွား‌ရောက်ပူး‌ပေါင်းခဲ့သည်ဟု KNU တပ်မဟာ(၅)က ‌ပြောသည်။

စစ်‌ကောင်စီတပ်၏ ‌ခြေကုတ်စခန်းအချို့ဆုတ်ခွာလိုက်ခြင်းသည် ‌နောက်ဆုတ်ခြင်းမဟုတ်ဘဲ အင်အား စုစည်းရန် အတွက် အနီးအနားရှိ တပ်စခန်းကြီးနှင့် သွား‌ရောက်ပူး‌ပေါင်းလိုက်ခြင်းသာဖြစ်သည်ဟု KNU တပ်မဟာ(၅) ‌ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး‌စောကလယ်ဒို့က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက ” ကျ‌နော်တို့ထင်တာက သူတို့ အခက်အခဲရှိလို့ပဲ။ ဘာဖြစ်လဲဆို‌တော့ သူတို့စခန်းကိုလည်း ဒီဘက်က တက်သိမ်းတာ ၁ ခု၊ ၂ ခုရှိပြီးဆို‌တော့ စခန်းကြီး‌တွေမှာ အင်အားသွားစုတာဖြစ်နိုင်တယ်။ ဒီစခန်း‌တွေက ကျ‌နော်တို့ အရင်ကသိထားတာ‌တော့ လူနည်းတယ်။ အခုက ဘယ်‌လောက်ရှိလဲ‌တော့ မသိဘူး။ တချို့စခန်းက လက်နက်‌တွေချန်တာကလည်း သူတို့မသယ်နိုင်လို့ ချန်ထားတာဖြစ်တယ်လို့ ထင်တယ်” ဟု ‌ပြောသည်။

၎င်းဆုတ်ခွာလိုက်သည့် တပ်စခန်းများမှာ အူးသူ့ထာစခန်း၊ ‌မောပူကြိုးစခန်း၊ မယ်‌ပေါမူထာစခန်းနှင့် ‌ကော်ကျခို စခန်းများဖြစ်ပြီး တပ်ဖွဲ့အင်အားနည်းသည့်စခန်းများလည်းဖြစ်ကာ စခန်းတစ်ခုလျှင် တပ်အင်အား အ‌ယောက် (၃၀)ဝန်းကျင်သာရှိသည့်စခန်းများဖြစ်သည်ဟု ဒုတိယဗိုလ်မှူးကြီး‌စောကလယ်ဒို့က ဆက်‌ပြောသည်။

ပြီးခဲ့သည့် မတ်လနှင့် ဧပြီလများတွင် စစ်‌ကောင်စီတပ်စခန်း ၂ ခုဖြစ်သည့် သီးမူထာ့နှင့် ‌သောလယ်ထာ့ စခန်းကို KNLA တပ်မဟာ (၅) ဘက်မှ တက်‌ရောက်သိမ်းယူနိုင်ခဲ့ပြီး‌နောက်ပိုင်းတွင် အဆိုပါ ‌ခြေကုတ်စခန်း ၄ ခု ဆုတ်ခွာသွားမှုဖြစ်‌ပေါ်လာခြင်းဖြစ်သည်။

ယင်းစစ်‌ကောင်စီတပ်စခန်း ၂ ခုကို KNLA တပ်မဟာ (၅)က တက်‌ရောက်သိမ်းယူလိုက်ပြီး‌နောက် စစ်‌ကောင်စီ တပ်ဘက်မှ ပြန်လည်တုန့်ပြန်သည့်အ‌နေဖြင့် KNU တပ်မဟာ(၅)နယ်‌မြေအတွင်း ‌လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများလုပ်‌ဆောင်‌သော‌ကြောင့် အရပ်သား ၁၄ ဦး‌သေဆုံးပြီး ၂၈ ဦးဒဏ်ရာရရှိခဲ့ကာ ‌ဒေသခံ ၄၀၀၀ဝ ‌ကျော် ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်ဟု ကရင်လူမှုအဖွဲ့များက ‌ပြောသည်။

KNU မူ‌တြော်ခရိုင်တစ်ခုလုံးတွင် စစ်‌ကောင်စီ တပ်စခန်း‌ပေါင်း ၈ဝ ‌ကျော် အ‌ခြေချလှုပ်ရှားလျက်ရှိသည်ဟု KNU တပ်မဟာ ၅ က ‌ပြောဆိုထားသည်။