ဧပြီ ၃ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၅) ဒေသ ဗုံးကြဲတိုက် ခိုက်ခံရမှုအပေါ် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဦးဆောင်အဖွဲ့(PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ရှုတ်ချကြောင်း ယနေ့ ပြုလုပ်သည့် PPST ၏ အွန်လိုင်းအစည်းအဝေး အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။
KNU နယ်မြေအတွင်းရှိ ကျေးရွာများကို မတ်လနှောင်းပိုင်းမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များအသုံးပြုပြီး ဗုံးကြဲချခဲ့ခြင်းကြောင့် ကျေးလက်ကရင်ပြည်သူများ သေဆုံးခြင်း၊ ဒဏ်ရာရခြင်း နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ ခြင်းများရှိခဲ့ခြင်းအတွက် စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချကြောင်း ပြောကြားလိုသည်ဟု ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ရက်စက်ကြုမ်းကြုတ်စွာ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အမျိုးသမီး၊ ကလေးငယ်များ၊ ဆယ်ကျော်သက်များအပါအဝင် ပြည်သူပေါင်း ၅၀ဝ ကျော်အသက်ဆုံးရှုံးရမှုအတွက် ပြည်သူများပေးအပ်သော ပြစ်ဒဏ်ကို စစ်ကောင်စီ ခေါင်းဆောင်များအနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီမှ တစ်လတာ အပစ်ရပ်ကြောင်း ကြေညာချက်နှင့်ပတ်သက်၍လည်း အပစ်ရပ်ထားသည့် အတိုင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများကို ပစ်ခတ်မှု ဆက်လက် မပြုရန် နှင့် အကြမ်းဖက် လုပ်ရပ်မှန်သမျှကို ရပ်တန်းက ရပ်ရန်အတွက်လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က တောင်းဆိုထားသည်။
ယနေ့ ပြုလုပ်သည့် အစည်းအဝေးတွင် အပစ်ရပ် NCA စာချုပ်အပေါ် ပြန်လည်သုံးသပ်ခြင်း၊ ပြည်သူတစ်ရပ်လုံး ဆင်နွှဲနေသည့် နွေဦး တော်လှန်ရေးနှင့် CDM လှုပ်ရှားမှုအပေါ် ဆက်လက်ပံ့ပိုးကူညီခြင်း၊ စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းမှုကို တားဆီးခြင်း နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ၏ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် PPST ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်းသွားကြ မည်ဖြစ်သည်။
ပြည်သူ တစ်ရပ်လုံး ပါဝင်ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးအပေါ်အတွင်လည်း PPST အနေဖြင့် အလွှာ အသီးသီးက ပြည်သူများနှင့် အတူတကွ ခိုင်မာစွာ ရပ်တည်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ထပ်လောင်းပြောဆိုခဲ့သည်။



















