Home သတင်း စစ်‌ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရှိခဲ့သည့် ရွာသား ၇ ဦးအား ‌ဆေးကုသရန် ထိုင်းဘက်ခြမ်းပို့‌ဆောင်

စစ်‌ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရှိခဲ့သည့် ရွာသား ၇ ဦးအား ‌ဆေးကုသရန် ထိုင်းဘက်ခြမ်းပို့‌ဆောင်

2088

မတ်လ ၃ဝ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူ‌တြော်(ဖာပွန်)နယ်‌မြေ ‌ဒေပူနိုရွာအတွင်း ပြီးခဲ့သည့် မတ်လ ၂၇ ရက်‌နေ့က အကြမ်းဖက်စစ်‌ကောင်စီတပ်မှ ဂျက်တိုက်‌လေယာဉ်ဖြင့် လာ‌ရောက် ဗုံးကြဲ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ ‌ဒေသခံရွာသား ၇ ဦးကို ‌ဆေးကုသရန် ယ‌နေ့ (မတ် ၃ဝရက်) မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ပို့‌ဆောင်လိုက်ပြီဟု သိရသည်။

စစ်‌ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများ‌ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ‌ဒေသခံရွာသား အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦးတို့အား ထိုင်းဘက်ခြမ်းသို့ ‌ဆေးကုသခွင့်ရရှိရန် နှစ်ဘက်‌သော ‌ဒေသခံတာဝန်ခံများ၏ ညှိနှိုင်း‌ဆောင်ရွက်မှုအရ ယ‌နေ့ မွန်းလွဲ ၁နာရီအချိန်ခန့်တွင် ထိုင်းနယ်စပ် ‌သောလယ်ထာ့ ( မဲ့စလက်) ‌ကျေးရွာသို့ ‌ရောက်ရှိခဲ့သည်ဟု ‌သောလယ်ထာ့ရွာသားတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ရွာသားက “ထိုင်းကရင်အဖွဲ့ရဲ့ချိတ်ဆက်မှုနဲ့ စက်‌လှေနဲ့ ပို့လာတာ။ အများစုက‌တော့ ဦး‌ခေါင်း နဲ့‌ခြေ‌ထောက်‌တွေမှာ ဒဏ်ရာရတာကို ‌တွေ့မြင်ရတယ်။ သူတို့ကို စက်‌လှေဂိတ်မှာ သွားကြိုပြီး‌တော့ စစ်‌ဆေးမှု‌တွေ၊ ကျန်းမာ‌ရေးစာရွက်စာတမ်း‌တွေ လုပ်‌ပေးပြီး စူမွဲ‌ဆေးရုံကို ပို့လိုက်တယ်။ အဲဒီမှာ မရဘူးဆိုရင် မဲ့စရင်းယန်း‌ဆေးရုံကို ထပ်မံပို့‌ဆောင်မယ်လို့ သိရတယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်‌နေ့ ည ၇ နာရီမှ နံနက် ၂ နာရီခွဲအထိ စစ်‌ကောင်စီတပ်မှ ဂျက်တိုက်‌လေ ယာဉ်ဖြင့် အဆက်မပြတ် လာ‌ရောက်ပစ်ခတ်၊ ဗုံကြဲတိုက်ခိုက်မှုများ လုပ်‌ဆောင်ခဲ့ရာ က‌လေးငယ်အပါအဝင် အရပ်သား ၃ ဦး‌သေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို လူ‌နေအိမ်အချို့လည်း မီး‌လောင် ပျက်စီးခဲ့ခြင်းဖြစ်သည်။

ထိုည ဖြစ်စဉ်နှင့်ပတ်သက်၍ ‌ဆေးကုသရန် ထိုင်းနယ်စပ်တွင် ‌ရောက်ရှိလာသူများအနက် ‌စောလာပရီ ၄၈ နှစ်က “အဲဒီညက ဆက်တိုက်ပဲ ဗုံးလာကြဲချသွားတယ်။ အရမ်းပဲ ‌ကြောက်လန့်ခဲ့ရတယ်။ ကျ‌နော်ဆို ဘယ်လို ထိမှန်သွားမှန်း‌တောင်မသိ‌တော့ဘူး။ တကိုယ်လုံး လှုပ်လို့မရဘဲ သတိ‌မေ့‌မျှောသွားတယ်။ အခုလည်း တကိုယ်လုံးနာကျင်‌နေတယ်။ ‌ပေါင်မှာလည်း မီးစွဲသွားတယ်။ နားကလည်း တဖက်ထဲ ကြားရတယ်”ဟု နယ်ခံ The Reporter ထိုင်းသတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ‌ပြောထားသည်။

မူ‌တြော်ခရိုင် သံလွင်မြစ်ကမ်းနံ‌ဘေးရှိ စစ်‌ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သည့် သီးမူထာစခန်းကို ‌ကေအဲန်ယူ တပ်မဟာ ၅ တပ်ဖွဲ့ဝင်များက မတ်လ ၂၇ရက် နံနက်အ‌စောပိုင်းတွင် တက်‌ရောက် သိမ်းယူလိုက်ပြီး‌နောက် ထို‌နေ့ညတွင်းချင်းပင် စစ်‌ကောင်စီတပ်ဘက်မှ ဂျက်တိုက်‌လေယာဉ်များဖြင့် တုန့်ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သီးမူထာ စစ်‌ကောင်စီစခန်းကို တက်‌ရောက်သိမ်းယူရာတွင် စစ်‌ကောင်စီဘက်မှ ၁ဝ ဦးကျဆုံးပြီး ၈ဦး အရှင်ဖမ်းမိကာ အခြားစစ်ပစ္စည်းများကိုလည်း သိမ်းဆည်း ရမိသလို ‌ကေအဲန်ယူဘက်ကလည်း ၁ဦးကျဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်‌ကောင်စီတပ်မှ ‌ကေအဲန်ယူ တပ်မဟာ(၅) နယ်‌မြေအတွင်းသို့ မတ်လ ၂၇၊ ၂၈၊ ၂၉ ရက်‌နေ့ များ တွင် ဂျက်တိုက်‌လေယာဉ်ဖြင့် လာ‌ရောက် ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်‌ဆောင်‌သော‌ကြောင့် သံလွင်မြစ် ကမ်းနံ‌ဘေးရှိ မယ်နူထာ၊ ဟို‌ကေ၊ အီတူးထာနှင့် အူးဝဲကလိုး စသည့် ‌ကျေးရွာမှ ‌ဒေသခံ ၃၀၀ဝ ‌ကျော်သည် သံလွင်မြစ် တစ်ဖက်ကမ်း ထိုင်းဘက်ခြမ်းသို့ သွား‌ရောက်တိမ်း‌ရှောင်ခဲ့ကြရသည်။ လက်ရှိအချိန်တွင် အဆိုပါ စစ်‌ရှောင်ရွာသားများကို ထိုင်းအာဏာပိုင်များက ‌နေရပ်သို့ အကုန်ပြန်လည်ပို့‌ဆောင်လိုက်ပြီဟု ‌ဒေသသတင်းအရင်းအမြစ်အရ သိရသည်။

ထို့အပြင် စစ်‌ကောင်စီတပ်၏ ဂျက်တိုက်‌လေယာဉ်ဖြင့် လာ‌ရောက် ပစ်ခတ်၊ ဗုံကြဲတိုက်ခိုက်မှု‌ကြောင့် မူ‌တြော်ခရိုင်၊ လူ‌သောမြို့နယ်ထဲရှိ ‌ဒေသခံကရင်ရွာသားများ တစ်‌သောင်း‌ကျော်သည် လည်း နီးစပ်ရာ‌တော‌တောင်များထဲတွင် ထွက်‌ပြေးပုန်း‌အောင်‌နေကြသည်ဟု ကရင်လူမှုအဖွဲ့ အစည်းများက ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်‌ကောင်စီမှ မူ‌တြော်(ဖာပွန်)‌ဒေသရှိ ‌ဒေသ‌ကျေးရွာများအတွင်း တိုက် ‌လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် ‌ဒေသခံရွာသားများ ထိခိုက်‌သေဆုံးခဲ့ရမှုနှင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရမှုအ‌ပေါ် ပြည်တွင်း၊ ပြည်ပ ကရင်အသိုင်းအဝိုင်းများမှ အပြင်းအထန်ရှုတ်ချ‌ကြောင်း ယမန်‌နေ့ မတ်လ ၂၉ရက်‌နေ့တွင် အသီးသီး‌ကြေ ညာချက်ထုတ်ပြန်ခဲ့ကြသည်။