Home သတင်း အဆို‌တော် ‌စောဖိုးခွားကို ပုဒ်မ ၅၀၅ (ခ) ဖြင့်အမှုဖွင့်ထား

အဆို‌တော် ‌စောဖိုးခွားကို ပုဒ်မ ၅၀၅ (ခ) ဖြင့်အမှုဖွင့်ထား

2709

မတ် ၁ဝရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ဖေ‌ဖေါ်ဝါရီ ၁ ရက်‌နေ့တွင် တပ်မ‌တော်က နိုင်ငံ့‌ခေါင်း‌ဆောင်များကို ထိန်းသိမ်းပြီး အာဏာသိမ်းချိန်တွင် အဖမ်းခံထားရသူ အဆို‌တော် ‌စောဖိုးခွားကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားသည်ဟု သိထား‌ကြောင်း မိသား စုဝင်တဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူ့ကို ပြီးခဲ့တဲ့ လ ၂၅ ရက်‌နေ့က အင်းစိန်‌ထောင်မှာ ထားတယ်လို့ ‌ပြောတယ်။ ပုဒ်မ ၅၀၅ (ခ) နဲ့ တရား စွဲထားပြီး ချုပ်ရမန် နှစ်ပတ်ယူထားတယ်။ ‌ထောင်ထဲမှာ ‌ကောင်း‌ကောင်းမွန်မွန်ရှိ‌နေတယ်၊ သူ့ကို စိတ်မပူဖို့ ‌ပြောတယ်။ ကျမတို့လည်း သူ့အတွက် လိုအပ်တဲ့ ပစ္စည်း‌တွေသွားပို့ပါတယ်” ဟု ‌စောဖိုးခွား၏ ဇနီးဖြစ်သူ ‌နော်အက်စတာပန်း က ‌ကေအိုင်စီသို့ မတ် ၉ ရက်‌နေ့တွင် ‌ပြောသည်။

နိုင်ငံ‌တော် အကြည်အညိုပျက်‌စေမှု ပုဒ်မ ၅၀၅ (ခ) ပြဌာန်းချက်မှာ “နိုင်ငံ‌တော်အစိုးရကိုဖြစ်‌စေ၊ နိုင်ငံ‌တော် ငြိမ်ဝပ်ပိပြား‌ရေးကို ဖြစ်‌စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်‌ယောက်‌သောသူက ကျူးလွန်ချင်လာ‌အောင် အများ ပြည်သူကို‌သော်၎င်း၊ အများပြည်သူ၏ သီးခြား လူစုကို‌သော်၎င်း ‌ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်‌စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်‌စေ တန်ရာသည့် အ‌ကြောင်းရှိလျှင်”နှစ်နှစ် အထိ ‌ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်‌စေ၊ ‌ငွေဒဏ်ဖြစ်‌စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်‌စေ ချမှတ်ရမည်ဟု ‌ဖော်ပြထားသည်။

“ပုဒ်မ ၅၀၅ (ခ) က ‌ထောင်နှစ်နှစ်ထိ ချမှတ်လို့ ရ‌ပေမဲ့ အများအားဖြင့် အဲ့‌လောက်ထိ ချ‌လေ့‌တော့မရှိဘူး”ဟု တရားလွှတ်‌တော်‌ရှေ့‌နေ ‌စောဂျက်‌ကော့ထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံ၏ Reggae အဆို‌တော်ဟု နာမည်ကြီးသူ ‌စောဖိုးခွားသည် Reggae တဦးကဲ့သို့ တမူထူးခြားစွာ ‌နေထိုင် သူဖြစ်ပြီး သူသည် ၂၀၀၃ခုနှစ်တွင် “‌မေ့ဖို့ သိပ်ခက်‌နေလို့” ၂ဝ ၁၂ခုနှစ်တွင် “‌ဖြေး‌ဖြေး ‌ယောက်ဖ” ‌တေးစီးရီး ထို့‌နောက် ၂၀၁၄ တွင် “ကိုင်းကြီးကြီး သွားနား”၂၀၁၇ ခုနှစ်တွင် “ပလပ်ကျွတ်‌နေပြီ”စသည့် သီချင်း‌ခွေ ငါး‌ခွေကို ထုတ်ခဲ့သလို အခြားပညာ‌ပေး သီးချင်းများစွာကိုလည်း သီဆိုခဲ့သူဖြစ်သည်။

Reggae များသည် စီမ်း၊ ဝါ၊ နီ ကိုယ်စားပြု အ‌ရောင်းသုံး‌ရောင်ဖြင့် ‌နေထိုင်တက်သူများ ဖြစ်ကာ အစိမ်း‌ရောင်သည် ထာဝရရှင်သန်ခြင်း၊ အဝါ‌ရောင်သည် ‌ရွှေ‌ရောင်အိမ်မက်ကိုပိုင်ဆိုင်ထားခြင်းနှင့် အနီ‌ရောင်သည် လွတ်လပ်သည့် ‌သွေး ဖြစ်သည်ဟု အဆို‌တော်‌စောဖိုးခွားက ‌ကေအိုင်စီသို့ ၂၀၂ဝ ပြည့်နှစ်၊ မတ်လ အတွင်းက ‌ပြောဆိုဖူးသည်။

“ဆိုလိုချင်တာက ‌သွေးဆိုတာ လူ့ခန္ဓာကိုယ်မှာ အ‌ရေးကြီးတယ်။ လူတစ်‌ယောက်ကို ‌ထောင်ထဲထည့်ထားလို့ ရတယ်။ ဒါ‌ပေမဲ့ ‌ထောင်ထဲထည့်လိုက်လို့ သူ့ရဲ့လွတ်လပ်မှုက ပိတ်သွားပြီးလို့‌တော့ မထင်လိုက်နဲ့ ဘာဖြစ်လို့လည်း ဆို‌တော့ သူက အမြဲတမ်းလွတ်လပ်‌နေတဲ့ လူတစ်‌ယောက် ဖြစ်တယ်။ ဆိုလိုချင်တာက ‌သွေးကို သွားချုပ်ထားလို့ မရဘူး‌လေ‌နော်။ သူတို့က ဒီသုံးခုနဲ့ အသက်ရှင်တယ်။”ဟု ‌စောဖိုးခွားက ‌ကေအိုင်စီနှင့် သီးခြား အင်တာဗျူးတွင် ရှင်းပြဖူးသည်။