ဖေဖေါ်ဝါရီ ၂၆ ရက်၊ ၂၀၂၁ ခုနှစ် ။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ဘက် ရွာသစ်ရွာတွင် ယနေ့ နံနက် ၁၁ နာရီကျော်တွင် ကေအဲန်ယူ တပ်မဟာ ၆ တပ်ဖွဲ့ဝင်နှင့် မြန်မာ့ တပ်မတော်တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကော့ကရိတ်မြို့နှင့်မနီးမဝေးရှိ အံဖကြီးကျေးရွာတွင် လုံခြုံရေးလာယူရန် စစ်ကား သုံးစီးဖြင့် တက်လာသည့် မြန်မာ့တပ်မတော်အား ကေအဲန်ယူ တပ်မဟာ ၆ တပ်ဖွဲ့က တားမြစ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ ၆ အရာရှိတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ဗမာစစ်တပ်က အံဖကြီးမှာ လုံခြုံရေးလာယူမယ်လို့ ခွင့်တောင်းလာတယ်။ တောင်းတော့ ရှေ့မှာရှိတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက အထက်က ဘာမှပြောလာတာမရှိဘူး။ လာမယ်လည်းမပြောဘူး။ သူတို့သဘောနဲ့သူတို့ တက်လာတာ။ စစ်တပ်က ၁၁ နာရီကျော်ကျော်လောက်မှာ ကား ၃ စီးနဲ့ တက်လာတယ်။ အဲမှာ ပစ်တာပေါ့။ ဘက ကျောင်းရှေ့မှာဖြစ်တာ။ ထိခိုက်တာကတော့ မသိဘူး။ ”ဟု ပြောသည်။
လက်ရှိအချိန်တွင် တပ်မတော် နှင့် စစ်ကားသုံးစီးမှာ ယခုအချိန်ထိ ပစ်ခတ်မှု ဖြစ်ပွား သည့်နေရာတွင် ရှိနေပြီး ကျေးရွာသားများသည်လည်း မိမိနေအိမ်ထဲသာနေကြပြီး ထွက်ပြေးတိမ်းရှောင်နေသူမရှိကြောင်း သိရသည်။
ဒေသခံရွာသားများ၏ ပြောပြချက်အရ တပ်မတော်ဘက်က ထိခိုက်မှုရှိသည်ဟု ပြောဆိုသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုချက်မရရှိပေ။



















