Home သတင်း ‌ကော့ကရိတ်ခရိုင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၃ ဦးဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းခံရ

‌ကော့ကရိတ်ခရိုင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၃ ဦးဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းခံရ

1699

‌ဖေ‌ဖော်ဝါရီ ၁၂ ရက်‌နေ့၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်ခရိုင် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၃ ဦးကို သက်ဆိုင်ရာ နယ်‌မြေခံ တပ်မ‌တော်နှင့်ရဲတပ်ဖွဲ့ဝင်များမှ ‌ဖေ‌ဖော်ဝါရီလ ၁ဝ ရက်‌နေ့ည ၁၁ နာရီခွဲအချိန့်ခန့်တွင် လာ‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်သွား‌ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများမှာ ‌ကော့ကရိတ်ခရိုင်ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦး‌ဌေး‌မောင်၊ ခရိုင်‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်ရုံး ဦးစီးအရာရှိ ‌ဒေါ်ဝတ်ရည်ထွန်းနှင့် မြို့နယ်‌ကော်မရှင် အတွင်း‌ရေးမှူး နန်း‌ဝေ‌ဝေတို့ ၃ ဦးဖြစ်သည်ဟု ‌ကော်မရှင်နှင့်နီးစပ်သူများထံမှ သိရသည်။

“ ၁ဝ ရက်‌နေ့ည ၁၁ နာရီမှာ စကခ ၁၂ က ဖမ်းသွားတာ၊ မဲကိစ္စ‌မေးဖို့၊ မြန်းဖို့ ခဏပဲ ‌ခေါ်သွားမယ်လို့‌ပြောတာ။ ဘယ်ကို‌ခေါ်သွားတယ်‌တော့ မ‌ပြောဘူး။ မိသားစုဝင်‌တွေကလည်းဘာမှမသိရ‌သေးဘူး။ မြို့နယ်ဥက္ကဋ္ဌက‌တော့ တိမ်း‌ရှောင်ပြီးလွတ်‌နေတယ်။ သူ့အိမ်‌တော့ဝိုင်းတယ်။ တက်ကြွလှုပ်ရှားသူ ‌တွေကို‌တော့ ညညလိုက်ဝိုင်း ကြတယ်” ဟု ‌ကော်မရှင်နှင့်နီးစပ်သူတစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါဖမ်းဆီးမှုများတွင် နယ်‌မြေခံတပ်မ‌တော်၊ သတင်းရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူး များပါဝင်‌ကြောင်း မြို့ခံများ၏ ‌ပြောပြချက်များအရသိရပြီး လက်ရှိ‌ကော့ကရိတ်ခရိုင်အတွင်း အဆိုပါ ၃ ဦးသာ ဖမ်းဆီးခံထားရ‌ကြောင်း သိရသည်။

ထို့အပြင် တပ်မ‌တော်အာဏာသိမ်းပြီး‌နောက် ‌ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်‌ပေါ်လာသည့် ယ‌နေ့အထိ လူထု ဆန္ဒထုတ်‌ဖော်မှုများအတွင်း ဦး‌ဆောင်သူများကိုလည်း ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်‌နေ့မှစတင်ကာ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိ‌ကြောင်းလည်း မြို့ခံများက‌ပြောသည်။

“ ဆန္ဒပြတဲ့ ၄ ရက်‌မြောက်‌နေ့ည ၁ နာရီမှာ ရဲကား ၃ စီး၊ အိမ်ကား ၁ စီးနဲ့ကျမတို့အိမ်ကိုတံခါး‌တွေထုပြီး ဖွင့်ခိုင်းတယ်လို့ ကျမတို့ပြန်လာ‌တော့‌ဘေးအိမ်က ‌ပြောပြတယ်။ ဒီ‌နေ့ကျ‌တော့ ကျမတို့ဆန္ဒထုတ်‌ဖော်ပြီး အိမ်ပြန်ထမင်းစားချိန်မှာ ရဲ‌တွေ ‌ရောက်လာတာ‌တွေ့လို့ ကျမတို့ တံခါးပိတ်ပြီး ချက်ချင်း‌ရှောင်လို့လွတ်သွားတယ်။ အဲဒါနဲ့ကျန်ခဲ့တဲ့က‌လေး‌တွေကို အဆက် အသွယ်ရလို့ပြန်‌မေးကြည့်‌တော့ ဟိုးအိမ်‌ပေါ်အထိ ဖိနပ်နဲ့တက်တယ်။ ‌နေ့ခင်း‌ကြောင်‌တောင်‌နော်။ ပြီး‌တော့အခန်း တံခါးပိတ်ထားတဲ့က‌လေး‌တွေကိုလည်း တံခါးထုပြီးဖွင့်ခိုင်းတယ်တဲ့က‌လေး‌တွေ ပြန်‌ပြောပြတာ” ဟု ဖမ်းဆီးမှုအတွင်း လွတ်‌မြောက်သွားသူက ‌ပြောသည်။

ထို့အပြင် ‌ကော့ကရိတ်မြို့နယ်အတွင်း လူထုဆန္ဒထုတ်‌ဖော်မှုအရှိန်မြင့်တက်လာသည့်နှင့်အမျှ ဖမ်းဆီးရန်ကြိုး ပမ်းအား ထုတ်မှုများလည်းပိုမိုများပြားလာ‌ကြောင်း မြို့ခံများက ‌ပြောဆို‌နေကြပြီး လူထုသာမက အစိုးရဝန်ထမ်းများပါ CDM လှုပ်ရှားမှုတွင်ပိုမိုပါဝင်လာ‌ရေး အရှိန်မြင့်ဆက်လက်လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း ဦး‌ဆောင်လှုပ်ရှားသူများက ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်အတွင်း တပ်မ‌တော်အာဏာသိမ်းပြီး‌နောက် ယ‌နေ့အထိ လူထုဆန္ဒထုတ်‌ဖော်မှု ၅ ရက်‌မြောက် ရှိပြီဖြစ်ပြီး ‌ဒေသခံများ၊ မြို့ခံများအပါအဝင် အစိုးရဌာနများဖြစ်သည့် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လျှပ်စစ်နှင့်လူကယ်ပြန် စသည့်ဌာန ဝန်ထမ်းများလည်းပါဝင်လာ‌ကြောင်း သိရသည်။