ဖေဖော်ဝါရီ ၁၂ရက်၊ ၂၀၂၁ခုနှစ်။ နန်းခလိန်းဖောင်အွာ
ဖားအံမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို လှာကဒေါင်ကျေးရွာရှိ ဗုဒ္ဓဂါယာ၌ ကျင်းပခဲ့ကြရာ ကရင်ပါတီနိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့များ၊ ကရင်၊ ပအိုဝ်း နှင့် မွန်တိုင်းရင်းသားခေါင်းဆောင်များ စုစုပေါင်း ၂၀ဝနီးပါး ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး ကရင်အမျိုးသားအလံတော်အား အလေးပြုခြင်း၊ သဘာပတိကြီးမိန့်ခွန်း ပြောကြားခြင်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ၏ ကရင်အမျိုးသားနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း၊ ကရင်အမျိုးသားနေ့အကြောင်းနှင့် အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ကရင်အမျိုးသားများ၏ အမျိုးသားစိတ်ဓာတ် ရှင်သန်နိုးကြားရန်၊ ကရင်သမိုင်း၏ အစဉ်အလာကောင်းကို နောင်လာ နောက်သားအတွက် သမိုင်းအမွေအနှစ် လက်ဆင့်ကမ်းရန်နှင့် မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အရ ကြိုးပမ်း ဖော်ဆောင်နေသည့် ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးတွက် ကရင်အမျိုးသားများ အားလုံး ကျရာကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းရန် ရည်ရွယ်၍ ၇၃နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားတွင် ကျင်းပရခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီက ပြောဆိုသည်။

ကျင်းပရေးကော်မတီဥက္ကဌ စောကျော်ဇွာက “ကရင်အမျိုးသားတွေက အမျိုးသားရေးစိတ်ဓာတ် ရှင်သန်နိုးကြားရေး ကို အဓိကထားတာပေါ့။ ကရင်သမိုင်းအစဉ်အလာကောင်းကို နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းစေတဲ့ သဘောပေါ့။ တဖြည်းဖြည်း လူငယ်တွေကတော့ စိတ်ဝင်စားမှုပါလာတယ်။ အထူးသဖြင့် KYO-KYN ပါလာတာ တွေ့ရ တယ်။ ဒီနှစ်က ကရင်နိုင်ငံရေးပါတီ တော်တော်များများ ပါလာတာ တွေ့ရတယ်။ အမျိုးသားရေးရဲ့ လုပ်ဆောင်တဲ့နေ ရာမှာ အမျိုးသားရေးသည် အရေးပါတဲ့ စည်းရုံးရေးလုပ်ငန်းတခုဖြစ်တယ်ဆိုတာ သူတို့သဘောပေါက်လာလို့ဖြစ်မယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနေ့ကို ဖားအံမြို့တွင် ယမန်နှစ်က တတိယအကြိမ် မြောက်အဖြစ် ဇွဲကပင်ခန်းမတွင် အခမ်းအနားဖြင့် ကျင်းပခဲ့ကြသည်။



















