ဖေဖော်ဝါရီ ၃ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
တပ်မတော်က အဓမ္မစစ်အာဏာသိမ်းခြင်းကို ပြည်သူလူထုအနေဖြင့် လုံးဝလက်မခံဘဲ တခဲနက် ဆန့်ကျင်တုန့်ပြန်ကြ ရန် KNU Concerned Group က မြန်မာ့တပ်မတော်အာဏာသိမ်းခြင်းအပေါ် ယနေ့ သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်တိုက်တွန်းလိုက်သည်။
ထုတ်ပြန်ချက်ပါ ပြောခွင့်ရသူ ဗိုလ်မှူးချုပ်စောနယ်ဒါးမြက “မြန်မာအစိုးရရဲ့ရွေးကောက်ပွဲက မမှန်ကန်ဘူး။ လိမ်ညာမှု လုပ်တယ်ဆိုတာ ဒါက မဟုတ်မမှန်ဘူး။ ဒါဟာ မြန်မာစစ်တပ်က တမင်သက်သက်ကို အာဏာသိမ်းချင်တာဖြစ်ပြီး တော့ ပြည်သူလူထုဆီ အာဏာမပေးချင်တာဖြစ်တယ်။ ဒါကို ကျနော်တို့ ဝိုင်းဝန်းဖိအားပေးရမှာဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
KNU Concerned Group ၏ ထုတ်ပြန်ချက်တွင် တပ်မတော်မှ အာဏာသိမ်းမှုသည် ၂၀၂ဝပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲရလဒ်အပေါ် အနိုင်ရပါတီ NLD ပါတီ၏ နိုင်ငံရေအာဏာကို တပ် မတော်က အဓမ္မ အာဏာသိမ်းယူလိုက်သည်ဖြစ်သောကြောင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်ဟု ဖော်ပြထားသည်။
၎င်းအပြင် တပ်မတော် ယခုကဲ့သို့ စစ်အာဏာသိမ်း၍ ဖွဲ့စည်းလိုက်သည့် အုပ်ချုပ်ရေးလုပ်ငန်းများကို မိမိတို့ KNU Concerned Group မှ လုံးဝလက်မခံကြောင်း၊ ကရင့်တော်လှန်ရေးနယ်မြေအတွင်း မိမိတို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှချမှတ်ထားသည့် ကော်သူးလေ အုပ်ချုပ်ရေးစနစ်နှင့်အညီ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံ၍ ဆောင်ရွက်ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော DKBA, KNU/ KNLA-PC, BGF စသည်တို့သည်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်း၍ ကော်သူးလေ တပ်မတော်တစ်ရပ်အနေဖြင့် ကရင်အမျိုးသားများနှင့်အတူ တိုင်းရင်းသားပြည်သူလူထုအား ကာကွယ်စောင့်ရှောက်သွားရန်နှင့် အဓမ္မစစ် အာဏာသိမ်းသည့် စစ်အစိုးရအား နိုင်ငံတကာအသိုင်းအဝိုင်းများက အသိအမှတ်မပြုရန် အလေးအနက် တိုက်တွန်းကြောင်းလည်း KNU Concerned Group ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်တပ် အာဏာသိမ်းမှုအပေါ် မြန်မာနိုင်ငံအတွင်းရှိ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ကျောင်းသားလူငယ်ထုနှင့် ဘာသာရေးအဖွဲ့အစည်းများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများက အပြင်းအထန်ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ နိုင်ငံတကာ တိုင်းပြည်များ မှလည်း ၎င်းအပေါ် ပြင်းထန်စွာ ရှုတ်ချကြကာ ဖမ်းဆီးထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရေး အတွက်လည်း တောင်းဆိုခဲ့ကြသည်။
KNU Concerned Group ကို ကေအဲန်ယူ ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ပါဝင်သည့် ကေအဲန်ယူ ခေါင်းဆောင်အချို့ ဖြင့် ၂၀၁၇ ခုနှစ်က ဖွဲ့စည်းထားသည်။



















