Home သတင်း ကရင်အမျိုးသား‌ကြွေး‌ကြော်ချက်များအပါအဝင် စစ်အာဏာရှင်စနစ်ဖျက်သိမ်း‌ရေး ‌တောင်ငူကရင်လူထု ‌လေး‌သောင်း‌ကျော် စစ်တပ်စခန်း‌ရှေ့ ဆန္ဒပြ

ကရင်အမျိုးသား‌ကြွေး‌ကြော်ချက်များအပါအဝင် စစ်အာဏာရှင်စနစ်ဖျက်သိမ်း‌ရေး ‌တောင်ငူကရင်လူထု ‌လေး‌သောင်း‌ကျော် စစ်တပ်စခန်း‌ရှေ့ ဆန္ဒပြ

2145

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌တောင်ငူခရိုင်အတွင်းရှိ ‌ဒေသခံပြည်သူလူထု ‌လေး‌သောင်း‌ကျော်သည် ကရင်အမျိုးသားတို့၏ ‌ကြွေး‌ကြော်သံ ၄ ရပ်နှင့်အတူ စစ်အာဏာရှင်စနစ်ဖျက်သိမ်း‌ရေးပါဝင်သည့် အချက် ၆ချက်ကို ‌ဒေသတွင်းရှိ မြန်မာ့တပ်မ‌တော် တပ်စခန်းများ‌ရှေ့၌ ယ‌နေ့ သွား‌ရောက်ကာ ဆန္ဒထုတ်‌ဖော်‌တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ဆန္ဒထုတ်‌ဖော်‌တောင်းဆိုမှုကို ‌တောင်ငူ‌ဒေသအတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၂၅ဝ မှ လူထု ၄ ‌သောင်း ‌ကျော်ပါဝင် ခဲ့ကြပြီး ယ‌နေ့ ‌ဖေ‌ဖေါ်ဝါရီလ ၁၁ရက်‌နေ့တွင် ကျ‌ရောက်သည့် ၇၃ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ ‌ကြွေး‌ကြော်သံ ၄ ရပ်အပြင် လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်‌ပေါ်‌နေသည့်အ‌ခြေအ‌နေများနှင့်သက်ဆိုင်သည့် အချက်များကိုပါ ထည့်သွင်း ‌တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်‌ဖော် ‌တောင်းဆိုမှုတွင် ဦး‌ဆောင်ပါဝင်သူ ‌နော်ဆဲဆဲက “အခု လက်ရှိစစ်တပ်က အာဏာသိမ်းတာကိုလည်း လူထုကအရမ်းကိုစိုးရိမ်တယ်၊ ‌ကြောက်ကြတယ်။ ဘာဖြစ်လို့လဲဆို‌တော့ အာဏာရှင်စနစ်‌အောက်မှာ ရှင်သန်လာခဲ့ရသူ‌တွေက အခုထိရှိ‌နေကြတုန်းပဲ။ သူတို့‌တွေကလည်း အဲဒါကိုရှုတ်ချကြတယ်။ ပူး‌ပေါင်း ပါဝင် လာကြတယ်။ အဲဒီအတွက် ‌ကြွေး‌ကြော်သံ ၄ ရပ်အပြင် လက်ရှိအ‌ခြေအ‌နေ‌တွေနဲ့ပတ်သက်ပြီး ထည့်သွင်း ဆန္ဒထုတ်‌ဖော်တာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယ‌နေ့ ဆန္ဒထုတ်‌ဖော်မှုတွင် ကရင်ပြည်ချက်ချင်း‌ပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ်ချက်ချင်းပြ၊ လူမျိုး‌ရေး အဓိကရုဏ်းအလိုမရှိ၊ ပြည်တွင်းစစ်အလိုမရှိ စသည့်ကရင်အမျိုးသားတို့၏ ‌ကြွေး‌ကြော်သံ ၄ ရပ်အပါအဝင် ‌ကော်သူး‌လေအတွင်း ထိုးစစ်ဆင်မှုများချက်ချင်းရပ်ရန်၊ တပ်မ‌တော်စစ်စခန်းများရုပ်သိမ်း‌ရေး၊ အာဏာရှင် စနစ်ဖျက်သိမ်း‌ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်း‌ရေး၊ ဒီမိုက‌ရေစီစနစ်ထူ‌ထောင်‌ရေး၊ တိုင်းရင်းသားတန်းတူ‌ရေးနှင့် စစ်မှန်‌သောဖက်ဒရယ်ပြည်‌ထောင်စု‌ပေါ်‌ပေါက်‌ရေးစသည့်အချက်များကိုပါ ထည့်သွင်း ဆန္ဒထုတ်‌ဖော်‌တောင်း ဆိုခဲ့ကြသည် ဟု သိရသည်။

KNU ‌တောင်ငူခရိုင်အတွင်းရှိ တပ်မ‌တော်တပ်စခန်းရှိရာ ‌နေရာ ၁၆ ‌နေရာတွင် တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြသည့် ယ‌နေ့ဆန္ဒထုတ်‌ဖော်မှုတွင် ‌ဒေသခံများအ‌နေဖြင့် ၎င်းတို့နှင့်နီးစပ်သည့် တပ်မ‌တော်စစ် စခန်းများရှိရာသို့ အသီးသီးချီတက်ကာ ဆန္ဒထုတ်‌ဖော်သည့် ပုံစံဖြင့်ပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ထိုသို့ဆန္ဒထုတ်‌ဖော်မှုပြုလုပ်ရာတွင် ကရင်ပြည်နယ် သံ‌တောင်မြို့နယ် ခလယ်လာ(‌ဘောဂလိ)အုပ်စုရှိ ပက်လက်ဝတွင် ဆန္ဒထုတ်‌ဖော်မှုအတွင်း လာ‌ရောက်ကြမည့် ‌ဒေသခံများအား ယ‌နေ့နံနက်က မြန်မာ့တပ်မ‌တော်မှ တားဆီးမှုဖြစ်‌ပေါ်ခဲ့ပြီး နယ်‌မြေခံကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ -KNDOတပ်ရင်းမှူး၏ ‌ဆွေး‌နွေးညှိနှိုင်း မှုဖြင့် ‌ပြေလည်မှုရ ရှိသွား‌ကြောင်းလည်း သိရသည်။

ယခုလို ‌ဒေသခံပြည်သူများ၏ ဆန္ဒထုတ်‌ဖော်‌တောင်းဆိုမှု‌တွေအ‌ပေါ် ပြည်သူလူထုနှင့်အတူ ရပ်တည်‌ကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအ‌နေဖြင့်လည်း ‌ဒေသခံများ ‌တောင်းဆိုမှုနည်းတူ မြန်မာစစ်တပ်စခန်းများ ရုပ်သိမ်း‌ရေးနှင့် ကရင်ပြည်သူအပါအဝင် အခြားတိုင်းရင်းသား‌ဒေသအတွင်းရှိ ထိုးစစ်ဆင်မှုများအား ချက်ချင်းရပ်တန့်‌ပေးရန် ‌တောင်း ဆိုသည်ဟု ဥ‌ရောပကရင်ကွန်ရက်ကလည်း ယ‌နေ့ ‌ကြေညာချက်ထုတ်ကာ ‌တောင်းဆိုလိုက်သည်။

ထို့အပြင် နိုင်ငံတကာအစိုးရ အလှူရှင်များအ‌နေဖြင့် အသက်ရှင်ရပ်တည်‌ရေး ‌ထောက်ပံ့မှုများအား နယ်စပ်ဖြတ် ‌ကျော်မှုမှတစ်ဆင့် ပြည်တွင်းစစ်‌ရှောင်ပြည်သူများကို ဦးစား‌ပေး‌ထောက်ပံ့ရန်အတွက်ကိုလည်း ဥ‌ရောပ ကရင်ကွန်ရက်က ‌တောင်းဆိုလိုက်သည်။

၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်‌နေ့တွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် ကရင်လူထု ၄ သိန်း ‌ကျော်က “ကရင်ပြည် ချက်ချင်း‌ပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုး‌ရေးအဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ”စသည့် ‌တောင်းဆိုချက်ပိုစတာများ ကိုင်‌ဆောင်ကာ ကရင်ပြည်‌ပေး‌ရေး ဖဆပလ အစိုးရထံ ငြိမ်းချမ်းစွာ ဆန္ဒပြ ‌တောင်းဆိုခဲ့သည့်‌နေ့ကို အစွဲပြု၍ ကရင်အမျိုးသား‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယ‌နေ့ကျ‌ရောက်သည့် ကရင်အမျိုးသား‌နေ့ကို ကရင်လူမျိုး ‌နေထိုင်ရာ‌ဒေသ အသီးသီးတွင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။