Home သတင်း ပြည်နယ်အစိုးရသစ်တွင် ကျန်းမာရေးကြောင့် ဆက်ပါဝင်တော့မည်မဟုတ်ဟု ဝန်ကြီးစောပြည်သာပြော

ပြည်နယ်အစိုးရသစ်တွင် ကျန်းမာရေးကြောင့် ဆက်ပါဝင်တော့မည်မဟုတ်ဟု ဝန်ကြီးစောပြည်သာပြော

1467

ဇန်နဝါရီ ၁၈ရက်၊ ၂၀၂၁ ခုနှစ်။ စောထွန်းလင်း

မကြာမီဖွဲ့စည်းတော့မည့် ပြည်နယ်အစိုးရအဖွဲ့သစ်တွင် ကျန်းမာရေးအခြေအနေကြောင့် ဆက်ပါဝင်တော့မည်မဟုတ်ဘဲ အနားယူသွားမည်ဟု ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောပြည်သာက ဇန်နဝါရီ ၁၈ ရက်တွင် ပြောသည်။

“မလုပ်တော့ဘူးလေ။ ကျန်းမာရေးအရ ကျနော့်ခြေထောက်က ဟိုးတလောက ဆေးရုံတက်ကုထားရတယ်။ ကျနော်မလုပ်တော့ဘူး၊ လူသစ်ရှာဖို့ ပြောထားတယ်”ဟု ဝန်ကြီးစောပြည်သာက ပြောသည်။

ထို့အပြင် ကရင်ပြည်နယ် အစိုးရသစ်ဖွဲ့စည်းရာတွင် အပြောင်းအလဲအချို့ရှိမည်ဟု သတင်းထွက်ပေါ်နေသလို ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကလည်း အစိုးရအဖွဲ့သစ်တွင် တတ်သိပညာရှင်များ ခေါ်ယူဖွဲ့စည်းသွားရန်ရှိကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပြောကြားထားသည်။

“ဥပမာ- အဖီးတို့ထဲမှာ လျှပ်စစ်တို့လိုမျိုး ပညာရှင်လိုကို လိုအပ်တယ်၊ ကိုယ်က ဆန္ဒပဲရှိ တာဖြစ်အောင်လုပ်ဖို့ နည်းပညာကျွမ်းကျင်တဲ့သူ လိုအပ်တာပေါ့နော်၊ နည်းပညာ လိုအပ်တဲ့နေရာတိုင်းကိုတော့ နည်းပညာရှင်တွေကို ခန့်မယ်ပေါ့နော်” ဟု ဝန်ကြီးချုပ်က ပြောခဲ့သည်။

ထို့အတွက် ပြည်နယ်လျှပ်စစ်ဝန်ကြီးနေရာ အပြောင်းအလဲရှိမည်ဟု ပြည်နယ်အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝိုင်းတွင် ခန့်မှန်းပြောဆိုမှုများရှိနေသည့်အပြင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး စောမြင့်ဦးသည်လည်း ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဖာပွန်မြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ တွင် ပြန်အနိုင်ရထားသည်။

သို့သော် ပြည်နယ်ဝန်ကြီးနေရာ ဆက်တာဝန်ပေးမပေးကိုမှု သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အစိုးရဖွဲ့ နိုင်သည်အထိ အနိုင်ရထားပြီးဖြစ်ကာ ပြည်နယ်အစိုးရသစ်ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးနေရာအချို့ အပြောင်းအလဲရှိနိုင်သော်လည်း လက်ရှိဝန်ကြီးချုပ်ကသာ အစိုးရသစ်တွင် ဆက်တာဝန်ထမ်းဆောင်သွားရန် အလားအလာရှိကြောင်း သိရသည်။