Home သတင်း UNESCO တွင် ယှဉ်ပြိုင်မည့် ကရင်ဒုံးအကကို စာသင်‌ကျောင်းများတွင် သင်ကြားနိုင်‌ရေးပါ ရည်ရွယ်ထား

UNESCO တွင် ယှဉ်ပြိုင်မည့် ကရင်ဒုံးအကကို စာသင်‌ကျောင်းများတွင် သင်ကြားနိုင်‌ရေးပါ ရည်ရွယ်ထား

4805

ဒီဇင်ဘာလ ၈ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌စောရှား

ကရင်ရိုးရာဒုံးအကကို UNESCO (ကုလသမဂ္ဂ၏ ပညာ‌ရေး၊ သိပ္ပံနှင့် ယဉ်‌ကျေးမှုဆိုင်ရာ အဖွဲ့အစည်း) အသိအမှတ်ပြု ‌ရေးအတွက် တင်သွင်းရန်သာမက စာသင်‌ကျောင်းများ၌ ဂီတဆိုင်ရာဘာသာရပ်ထဲပါ ထည့်သွင်းသင်ကြားနိုင်ရန် ရည် ရွယ်ထား‌ကြောင်း ကရင်အမျိုးသားမျိုးနွယ်စုများအသင်း-KNTA ၏ ‌ပြောပြချက်အရ သိရသည်။

အမျိုးသားယဉ်‌ကျေးမှုလက္ခဏာများ မပ‌ပျောက်‌အောင် ထိန်းသိမ်းကာကွယ် ‌စောင့်‌ရှောက်သည့်အ‌နေဖြင့် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှုများထဲမှ ဒုံးအကပညာကို ‌နောက်လာ‌နောက်သားများအတွက် ရည်ရွယ်ကာ ကြိုးစား‌ဖော်ထုတ်‌နေကြခြင်း ဖြစ်‌ကြောင်း KNTA အတွင်း‌ရေးမှူး နန်းမြင့်တင်က ယခုလို ‌ပြောသည်။

“ဒုံးအကက ယူနက်စကိုမှာပဲ ပြီးသွားတာ မဟုတ်ဘဲနဲ့ Grade-1,2,3 အစရှိသဖြင့် စာသင်‌ကျောင်း‌တွေမှာလည်း စာ‌တွေ့ ‌ရော၊ လက်‌တွေ့ကပြခြင်းပါ သင်ကြားနိုင်ဖို့အတွက် ဒုံးအကသမိုင်းကျမ်းကို ကွင်းဆင်း သု‌တေသန မှတ်တမ်းပြုစု‌နေပါ တယ်။”ဟု ‌ကေအိုင်စီသို့ ဒီဇင်ဘာ ၈ရက်(ယ‌နေ့)တွင် ‌ပြောဆိုခဲ့သည်။

ဒုံးအကဆိုင်ရာ သမိုင်း‌ကြောင်း ‌ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ပြီး လှိုင်းဘွဲ၊ ဖားအံ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့ နယ်တို့တွင် နိုဝင်ဘာလမှ စတင်ကာ ကွင်းဆင်း သု‌တေသနမှတ်တမ်းများ ပြုစုလျက်ရှိပြီး လက်ရှိအချိန်တွင် ၇၅%ခန့် ပြီး‌မြောက်‌နေပြီဖြစ်‌ကြောင်း သိရသည်။

ယခုမှတ်တမ်းပြုစု‌နေ‌သော ဒုံးအကသည် UNESCO အတွက် တင်ဆက်နိုင်ရန်၊ ပြီးပြည့်စုံ‌သော ဒုံးအကကျမ်းတစ်‌စောင် ‌ပေါ်ထွန်းလာရန်နှင့် ထိုကျမ်းမှရရှိလာ‌သော အချက်အလက်များ‌ပေါ် အ‌ခြေခံ၍ စာသင်‌ကျောင်းများတွင် သင်ကြားပြသ နိုင်ရန်နှင့် တက္ကသိုလ်တွင် သု‌တေသနလုပ်နိုင်ရန် စသည့် ရည်ရွယ်ချက်(၄)မျိုးထားရှိ‌ကြောင်း ကရင်ပြည်နယ် လူမှု‌ရေး ဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်ကလည်း ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ရရှိလာတဲ့ Information အ‌ပေါ်မှာ အ‌ခြေခံပြီး‌တော့ ‌ကျောင်း‌တွေမှာ ဂီတအချိန်‌တွေမှာ ကကွက်‌တွေ သင်နိုင် ဖို့၊ မူလတန်းဆို ဘယ်နှစ်ကွက်‌ပေါ့၊ အလယ်တန်းဆို ဘယ်နှစ်ကွက်သင်မလဲ‌ပေါ့။ ဒါကို စနစ်တကျ Analytics (ခွဲခြမ်း စိတ်ဖြာ) လုပ်ပြီး‌တော့ သင်ရိုးညွန်းတမ်း‌တွေ ထွက်လာဖို့ပါ။”ဟု ‌ပြောသည်။

ဒုံးအကကို UNESCO ကိစ္စပြီးစီးပါက ‌ကျောင်းချိန်အတွင်း ဂီတဆိုင်ရာ ဘာသာရပ်များတွင် ထည့်သွင်း သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်း‌ရေးဆွဲခြင်းများ ဆက်လက်‌ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်‌ထောင်စုအဆင့် ပညာ‌ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့်လည်း ညှိနှိုင်း‌ဆောင်ရွက်ထား‌ကြောင်း ဦးဘိုဘို‌ဝေ‌မောင်က ဆက်‌ပြောသည်။

လက်ရှိအချိန်တွင် UNESCO အတွက် ဒုံးအက တင်ဆက်ရန် ပြင်ဆင်ရင်း ဒုံးသမိုင်းကျမ်းတစ်‌စောင်အတွက် သု‌တေသန မှတ်တမ်းများ စု‌ဆောင်းလျှက်ရှိပြီး ၎င်းကျမ်းတစ်‌စောင်ပြုစုပြီးစီးမှသာ ကကြိုးကကွက်၊ ဝတ်စားဆင်ယင်မှု၊ တူရိယာ ပစ္စည်း၊ ‌တေးလကင်္ာတို့ ပါဝင်သည့် ဒုံးအက ဘာသာရပ် သင်ရိုးညွှန်းတမ်းကို စာသင်‌ကျောင်းများတွင် ပြဌာန်းသင်ကြား သွားနိုင်ရန် ရည်ရွယ်ထားကြခြင်းဖြစ်သည်။

ယခုနှစ် ဇူလိုင်လ ၂၉ရက်‌နေ့၊ ‌နေပြည်‌တော်တွင် ပြုလုပ်ခဲ့‌သော တတိယအကြိမ်‌မြောက် ဒြပ်မဲ့အမျိုးသားယဉ်‌ကျေးမှု ပညာရှင်အဆင့် အစည်းအ‌ဝေးအပြီး ကရင်ရိုးရာဒုံးအကနှင့်အတူ ရှမ်းပြည်လက်ဖက်နှင့် မန္တ‌လေးလွန်းရာချိတ်တို့ကို UNESCO သို့တင်သွင်းရန် ဆန်ကာတင်စာရင်း ‌ရွေးချယ်ခဲ့ပြီး ထိုအထဲမှတစ်မျိုးတည်းကိုသာ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ‌ရွေးချယ်နိုင်‌ရေး ၂ဝ၂၁ခုနှစ်တွင် UNESCO ထံ ဆက်လက် တင်သွင်းသွားမည်ဖြစ်သည်။